အသိတရား တစုံတရာ ရပြီးတဲ့ ကာလ တခု နောက်ပိုင်းမှာ ကိုယ်နဲ့ ဆက်ဆံတဲ့သူတွေကို ကိုယ့်ကြောင့် အဆင်ပြေပြေ ဖြစ်စေချင်တာ၊ အဆင်မပြေရင်တောင်မှ မနစ်နာစေချင်တာတွေဟာ သိစိတ်ရော မသိစိတ်ထဲမှာပါ သန္ဓေတည်နေခဲ့တာပါ။ ကိုယ်နဲ့ ထဲထဲဝင်ဝင် စိတ်တူကိုယ်တူ ပေါင်းသင်းဖူးသူတွေ နားလည်ကြပါလိမ့်မယ်။ ဒါပေမဲ့ အဲ့ဒီလို နားလည်ပေးနိုင်မဲ့သူကလည်း နည်းမှာ အမှန်ပဲ။ ဘာကြောင့်လဲဆိုတော့ ကိုယ်နဲ့ ထဲထဲဝင်ဝင် ပေါင်းသင်းတတ်တဲ့ သူတွေကလည်း အလွန်နည်းတာကိုး။ အဲ့ဒီနည်းတဲ့အထဲကပဲ မနှစ်ကစပြီး တယောက် လျော့ခဲ့ရပြန်ပါတယ်။ အကြောင်းကတော့ ကိုယ့်ကြောင့် တခြားသူတွေ အဆင်ပြေပါစေဆိုတဲ့ အချိန်ယူ လေ့ကျင့်မွေးမြူခဲ့ရတဲ့ စိတ်ထားကောင်းလို့ ခေါ်မလား.. အဲ့ဒီစိတ်ထားကြောင့်ပဲလို့ ပြောရင် မှားမယ် မထင်ဘူး။ ဒီတခါ လျော့ပါးခဲ့ရတဲ့ သူငယ်ချင်း (သို့) မိတ်ဆွေကတော့ မနေ့တနေ့ကမှ ပေါင်းသင်းဆက်ဆံခဲ့ရတဲ့ သူတော့ မဟုတ်ပါဘူး။ ဟိုးအရင် အနှစ်သုံးဆယ်ကျော် တဆက်တည်း သိကျွမ်းခဲ့ရတဲ့ ငယ်သူငယ်ချင်းပါ။ မြန်မာပြည်မှာနေဆဲပါ။ ကိုယ်က ရေကြည်ရာ မြက်နုရာရှာတဲ့ သတ္တဝါမို့ ပြည်ပမှာ နေပေမဲ့ ပြီးခဲ့တဲ့နှစ်ကအထိ သူနဲ့ အဆက်အသွယ် မပြတ်ခဲ့ပါဘူး။ မြန်မာပြည် အလည်ပြန်တိုင်းလည်း သူက ရန်ကုန်ဆင်းရင် ဆင်းလာ၊