အသိတရား တစုံတရာ ရပြီးတဲ့ ကာလ တခု နောက်ပိုင်းမှာ ကိုယ်နဲ့ ဆက်ဆံတဲ့သူတွေကို ကိုယ့်ကြောင့် အဆင်ပြေပြေ ဖြစ်စေချင်တာ၊ အဆင်မပြေရင်တောင်မှ မနစ်နာစေချင်တာတွေဟာ သိစိတ်ရော မသိစိတ်ထဲမှာပါ သန္ဓေတည်နေခဲ့တာပါ။ ကိုယ်နဲ့ ထဲထဲဝင်ဝင် စိတ်တူကိုယ်တူ ပေါင်းသင်းဖူးသူတွေ နားလည်ကြပါလိမ့်မယ်။ ဒါပေမဲ့ အဲ့ဒီလို နားလည်ပေးနိုင်မဲ့သူကလည်း နည်းမှာ အမှန်ပဲ။ ဘာကြောင့်လဲဆိုတော့ ကိုယ်နဲ့ ထဲထဲဝင်ဝင် ပေါင်းသင်းတတ်တဲ့ သူတွေကလည်း အလွန်နည်းတာကိုး။ အဲ့ဒီနည်းတဲ့အထဲကပဲ မနှစ်ကစပြီး တယောက် လျော့ခဲ့ရပြန်ပါတယ်။ အကြောင်းကတော့ ကိုယ့်ကြောင့် တခြားသူတွေ အဆင်ပြေပါစေဆိုတဲ့ အချိန်ယူ လေ့ကျင့်မွေးမြူခဲ့ရတဲ့ စိတ်ထားကောင်းလို့ ခေါ်မလား.. အဲ့ဒီစိတ်ထားကြောင့်ပဲလို့ ပြောရင် မှားမယ် မထင်ဘူး။
ဒီတခါ လျော့ပါးခဲ့ရတဲ့ သူငယ်ချင်း (သို့) မိတ်ဆွေကတော့ မနေ့တနေ့ကမှ ပေါင်းသင်းဆက်ဆံခဲ့ရတဲ့ သူတော့ မဟုတ်ပါဘူး။ ဟိုးအရင် အနှစ်သုံးဆယ်ကျော် တဆက်တည်း သိကျွမ်းခဲ့ရတဲ့ ငယ်သူငယ်ချင်းပါ။ မြန်မာပြည်မှာနေဆဲပါ။ ကိုယ်က ရေကြည်ရာ မြက်နုရာရှာတဲ့ သတ္တဝါမို့ ပြည်ပမှာ နေပေမဲ့ ပြီးခဲ့တဲ့နှစ်ကအထိ သူနဲ့ အဆက်အသွယ် မပြတ်ခဲ့ပါဘူး။ မြန်မာပြည် အလည်ပြန်တိုင်းလည်း သူက ရန်ကုန်ဆင်းရင် ဆင်းလာ၊ ကိုယ်က သူနေတဲ့မြို့ကို တက်ချင်တက်သွားပြီး ဆုံနေကျပါ။ တမြန်နှစ်ကုန်က မြန်မာပြည်သွားလည်တော့ အကြောင်းကြောင်းကြောင့် လူချင်းမဆုံဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့ ဖုန်းနဲ့တော့ စကားပြောဖြစ်ကြပါတယ်။ ဒါနဲ့ မြန်မာပြည်က ကိုယ်ပြန်လာပြီးနောက် တလ၊ မနှစ်က နှစ်ဆန်းမှာတော့ သူက ကိုယ့်ဆီ ဖုန်းဆက်လာပြီး ပမာဏ အတော်အသင့်ရှိတဲ့ ငွေချေးပါတယ်..။ ကိုယ်ကတော့ သူအဆင်ပြေစေချင်တာရော၊ အားနာတာရောကြောင့် ကိုယ်တနိုင်ရှိတဲ့ သူ့တောင်းဆိုငွေရဲ့ ၃၀% ပဲ အလွယ်တကူ ချေးပေးလိုက်ပါတယ်။ ဒါနဲ့ သူ့လက်ထဲငွေရောက်ပြီး ရက်ပိုင်းအတွင်းမှာ ဖုန်းဆက်လာ မလားလို့ မျှော်နေခဲ့ပေမဲ့.. မဆက်လာလို့ ကိုယ်ကပဲ သူ့ဆီဖုန်းဆက်တော့ သူ့ဇနီးနဲ့ တွေ့တယ်။ သူ့ဇနီးကလည်း လေးလအတွင်း ပြန်ဆပ်ပါမယ်လို့ ကိုယ့်ကို ဖုန်းထဲမှာ ကတိပေးခဲ့တယ်လေ။ လေးလပြည့်ပြီးနောက် ဖုန်းဆက်တော့ သူတို့ဖုန်းမကိုင်တော့ဘူး။ ရန်ကုန်မှာရှိတဲ့ ကြားခံ ငွေချေးပေးတဲ့ ကိုယ့်တူမက ဆက်တော့လည်း နေ့ရွှေ့ ညရွှေ့နဲ့ ရှောင်နေပြန်တယ်..။ တကယ်ဆို အဆင်မပြေရင် အကျိုးရယ် အကြောင်းရယ် ရှင်းပြပြီး ဆိုင်းခိုင်းရင်လည်း ကိုယ်က ငြင်းမဲ့သူ မဟုတ်မှန်း သူသိပါတယ်..။ ခုတော့ ဖဲဝိုင်းမှာ အနိုင်ပိုင်းလိုက်တဲ့ ကစားသမားလို ကျင့်ကြံလိုက်တာကိုပဲ အံ့သြရပါတယ်။ ခေတ်နဲ့ စံနစ်ကြောင့်လို့ ယိုးပြန်ရင်လည်း တကယ်ရိုးတဲ့ လက်တဆုပ်စာလူတွေကို မရည်ရွယ်ပဲ စော်ကားသလိုဖြစ်နေတော့မှာပေါ့။
တကယ်တော့ ကိုယ်အမှန်တကယ် နှမြောတာက ပြန်မရတဲ့ ငွေတွေထက်၊ အစားထိုး မရနိုင်တော့တဲ့ အနှစ်သုံးဆယ်တန် ခင်မင်ရင်းနှီးမှု၊ ယုံကြည်ဆက်ဆံမှုဆိုတဲ့ သံယောဇဉ်ဆိုတာ အဲ့ဒီ သူငယ်ချင်း (သို့) မိတ်ဆွေ သိပါလေစ။ ။
စာညွှန်း။ ။ ကိုယ့်စိတ်ထားနဲ့ ယေဘုယျ နှီးနွှယ်နေတဲ့ 'နှလုံးသားရပ်ဝန်းမှအသံများ' ရဲ့ Mirror(ကြေးမုံပြင်) ပို့စ်လေးကို ဆက်ဖတ်ဖို့ ညွှန်းပါရစေ။

Comments
Post a Comment