Skip to main content

အမေရိကန်ပြည်ထောင်စုကို စားစရာတွေ သယ်လာမယ်ဆိုရင်



ဆောင်းပါးစုံ (မိုးမခ)
အမေရိကန်ပြည်ထောင်စုကို စားစရာတွေ သယ်လာမယ်ဆိုရင်
ချမ်းမြေ့အိမ်

ပြည်ပရောက်နေကြတဲ့ မြန်မာတွေ ရွှေပြည်တော်က လာမယ့်ဆွေမျိုး၊ မိတ်ဆွေတွေကို လူကြုံမှာလေ့ရှိတာကတော့ အစားအစာပါပဲ။ ကြိုက်နှစ်သက်လို့ပဲ ဖြစ်ဖြစ်၊ အလွမ်းဖြေဖို့ပဲ ဖြစ်ဖြစ် မြန်မာပြည်က စာအုပ်၊ မဂ္ဂဇင်း၊ ဂျာနယ်တွေ၊ သီချင်း၊ ရုပ်ရှင်၊ ကာရာအိုကေ စီဒီဓာတ်ပြားတွေအပြင် ဆီးထုပ်၊ ချိုချဉ် လက်ဖက်စတဲ့ အစားအစာတွေကို လူကြုံနဲ့ ထည့်ပေးဖို့၊ စာတိုက်ကနေ ပို့ပေးဖို့ ရွှေပြည်တော်က ဆွေမျိုး၊ မိတ်ဆွေတွေကိုလည်း လှမ်းမှာတတ်ကြပါတယ်။ ဒါမှမဟုတ် မြန်မာပြည်ကို ကိုယ်တိုင် ပြန်လည်လည်ပတ်တဲ့အခါမှာလည်း စားစရာတွေ တနင့်တပိုး အပင်ပန်းခံ သယ်လာတတ်ကြပါတယ်။ အဲ.. အမေရိကလည်းရောက်ရော လေဆိပ်မှာ ဟိုစားစရာတွေ အသိမ်းခံရ၊ ဒီပစ္စည်းတွေ အလွင့်ပစ်ခံရနဲ့ အဲဒီအခါကျ သယ်လာပေးတဲ့သူရော၊ လူကြုံမှာတဲ့သူတွေပါ စိတ်မကောင်းဖြစ်ကြရတယ်။ တချို့စိတ်ထားမကြီးတဲ့သူတွေဆိုရင် အထင်လွဲကြ၊ အခင်အမင်တွေပါ ပျက်ကြတဲ့အထိ ဖြစ်ကြတယ်လို့ ကြားဖူးပါတယ်။ ဒီတော့ ဒီလူမှုရေးဒုက္ခတွေ မကြုံရအောင် ဒီဆောင်းပါလေး ဖတ်ပြီးမှ မြန်မာပြည်က အစားအစာတွေကို မှာပါ၊ ကိုယ်တိုင်လည်း စိတ်ချလက်ချ သယ်လာပါခင်ဗျား။

အဦးဆုံး သတိပေးချင်တာက ပစ္စည်းတွေသယ်လာမယ့် ခရီးသည်တွေကိုပါ။ အမေရိကရောက်လို့ လေဆိပ်က အကောက်ခွန်နဲ့ နယ်စပ်ကာကွယ်ရေးဗျုရိုဌာန (Customs & Border Protection) (CBP) မှာ သယ်ဆောင်လာတဲ့ စားစရာပစ္စည်းတွေနဲ့ ပတ်သက်လို့ ပြဿနာတစုံတရာ ဖြစ်ပြီဆိုရင်၊ လောလောဆယ် တာဝန်ယူဖြေရှင်းရမယ့်သူက ပစ္စည်းသယ်လာတဲ့ ခရီးသည် သင်ကိုယ်တိုင်ပါပဲ။ ပစ္စည်းမှာတဲ့သူ၊ လူကြုံပါးလိုက်တဲ့သူတွေ မဟုတ်ပါဘူး...။ ဒါကြောင့် အားနာလို့ပဲဖြစ်ဖြစ်၊ မလွန်ဆန်နိုင်လို့ပဲဖြစ်ဖြစ် ပစ္စည်းတွေသယ်ပေးရမယ်ဆိုရင် အဲဒီပစ္စည်းက ဘာလဲ၊ ဘာနဲ့လုပ်ထား ချက်ထားတာလဲ၊ အသားပါသလား စသဖြင့် မြန်မာပြည်မှာကတည်းက လူကြုံထည့်ပေးတဲ့သူကို ရှေးမဆွ မေးခဲ့ပါ။ ဒါမှမဟုတ် ပစ္စည်းထုပ်တွေကို အားမနာဘဲ ကိုယ်တိုင်ဖြေကြည့်၊ စစ်ဆေးကြည့်ပါ။ အမေရိကရောက်မှ ပြဿနာတက်ပြီဟေ့ဆိုရင် အဲဒီလူကြုံတွေလည်း မကယ်နိုင်ပါဘူး။

နောက်တစ်ခုက အမေရိကန်ပြည်ထောင်စု လေဆိပ်ကို မဆင်းခင် လေယာဉ်ပေါ်မှာ ဝေပေးတဲ့ (CBP Form 6059B) ဆိုတဲ့ ခရီးသည်တိုင်း ဖြည့်စွက်ရတဲ့ အကောက်ခွန်ကြေညာပုံစံ (Customs Declaration Form) ပါ။ အဲဒီပုံစံ (Form) ကို ခရီးသည်တစ်ဦးထက်ပိုတဲ့ မိသားစုဆိုရင် ဦးစီးတစ်ယောက်ထဲကသာ တစ်စုံပဲဖြည့်ရင် လုံလောက်ပါတယ်။ အဲဒီပုံစံထဲက အမှတ်စဉ် ၁၁ မှာ စားစရာသယ်ဆောင်လာပါသလားလို့ မေးထားပါတယ်။ ပဲကြီးလှော်တစ်ထုပ်ပါရင်ပဲ စားစရာပါတယ်လို့ ဖြေရမှာဖြစ်ပါတယ်။ လေယာဉ်ပေါ်မှာ ကျွေးတဲ့အစာ မကုန်နိုင်လို့ သယ်လာရင်လည်း အစာပါတယ်လို့ ဖြေရမှာပါ။ ဒါ့အပြင် ပြည်ပဘယ်လေယာဉ်ကွင်းကမဆို ဝယ်လာတဲ့ အစာဖြစ်ဖြစ် ဒါကို အစာလို့ မှတ်ယူရပါမယ်။ လေယာဉ်ပေါ်က ကျွေးတဲ့အစာ၊ လေယာဉ်ကွင်းကဝယ်လာတဲ့ အစာမို့လို့ ပုံစံကမေးထားတဲ့ အစာနဲ့ မပတ်သက်ဘူးလို့ ကိုယ့်ဘာသာအဓိပ္ပာယ်ဖော်ရင်တော့ မှားပါလိမ့်မယ်။ အစာပါတယ်လို့ ကြေညာဖို့ ပျက်ကွက်ပြီး၊ တားမြစ်ထားတဲ့ ပစ္စည်းနဲ့ အစာတွေသာ စစ်ဆေးတွေ့ရှိခဲ့ရင် (ပစ္စည်းနည်းများမဆို) အမေရိကန်ဒေါ်လာ သုံးရာ ဒဏ်တပ်ခံရနိုင်ပါတယ်။

အစာတွေအကြောင်း ဆက်ရရင်..၊ ယေဘုယျအနေနဲ့ ကုန်းသတ္တဝါနဲ့ ပတ်သက်တာတွေ သယ်လာလို့ မရဘူးလို့ မှတ်ပါ။ ကုန်းသတ္တဝါဆိုရာမှာ ကြက်၊ ဘဲ၊ ငှက်၊ အမဲ၊ ဝက်၊ သိုး၊ ဆိတ်၊ ဆတ်၊ ချေ (ဂျီ) အပါအဝင် တိရစ္ဆာန်တွေပါ။ အဲဒီ ကုန်းသတ္တဝါအသားဆိုရင် ချက်ထားတာပဲဖြစ်ဖြစ်၊ ကင်ထား ကြော်လှော်ထားတာပဲဖြစ်ဖြစ်၊ မချက်သေးဘဲ အခြောက်လှန်းထားတာပဲဖြစ်ဖြစ် ခွင့်မပြုပါဘူး။ အသားဆိုရာမှာလည်း အသားတုံး ပုံသဏ္ဌာန် ဖြစ်နေမှမဟုတ်ပါ။ အသားတုံး မဟုတ်တဲ့ အမှုန့်၊ အရေခွံ၊ အဆီ၊ သွေးခဲ၊ သွေးမှုန့်၊ အရိုးခဲ၊ အရိုးမှုန့်၊ အကြောခြောက်တွေကအစ သယ်လာလို့မရပါဘူး။ ဒါကို အထူးသတိချပ်စေချင်ပါတယ်။ အသားကို အခြားပုံသဏ္ဌာန် တစ်ခုခုအဖြစ် (ဥပမာ.. တရုတ်ဆေးမှုန့် ဆေးတောင့်) ပြုပြင်ပြောင်းလဲ ရောနှောထားရင်လည်း မရဘူးဆိုတာ သတိမူစေလိုပါတယ်။

အခုလောလောဆယ် အာရှနိုင်ငံတွေမှာ ဖြစ်နေတဲ့ ကြက်ငှက်တုပ်ကွေးရောဂါ(Bird Flu) ကြောင့် အဲဒီနိုင်ငံတွေကလာတဲ့ ကြက်၊ ဘဲ၊ ငှက်တွေနဲ့ ပတ်သက်တဲ့ အသား၊ အရိုး၊ ဥ (ဆားရည်စိမ်အပါအဝင်)၊ အသည်းအမြစ်၊ အတောင်ပံ၊ အရေခွံ၊ အမွေး၊ အကြောတွေလည်း စိမ်းစိမ်း ကျက်ကျက် ခြောက်ခြောက် အားလုံး အသိမ်းခံရပါလိမ့်မယ်။ နောက်ပြီး စက်တင်ဘာလမှာ တရုတ်လူမျိုးတို့ရဲ့ လမုန့် (moon cakes) စားတဲ့ ရာသီပွဲရှိပါတယ်။ တချို့လမုန့်ထဲမှာ ပဲ၊ ယို၊ အသားတွေနဲ့ ဌာပနာထားတဲ့အပြင် ကြက်၊ ဘဲဥအနှစ်(အငန်စိမ်) အလုံးလိုက် ပါတတ်ပါတယ်။ အဲဒီဥအနှစ်ပါတဲ့ လမုန့်တွေဆိုရင် အခုလောလောဆယ် ကြက်ငှက်တုပ်ကွေး မကင်းသေးတဲ့နိုင်ငံက (စင်ကာပူ၊ တိုင်ဝမ်နဲ့ ဖိလစ်ပိုင်ကလွဲလို့) လာတာဆိုရင် အသိမ်းခံရမှာပါ။ အသားနဲ့ဥမပါတဲ့ လမုန့်ဆိုရင်တောင် မုန့်ကို ခွဲဖြဲစစ်ဆေးကြည့်ပြီးမှ ခွင့်ပြုတာပါ။ နောက်ပြီး တရုတ်လူမျိုးတွေ အထူးတန်ဖိုးထား စားတဲ့ တနင်္သာရီကန်းရိုးတန်းကလာတဲ့ ငှက်သိုက် (ဇီဝဇိုးငှက်အန်ဖတ်ခြောက်) (Bird Nest) တွေလည်း အသိမ်းခံရပါမယ်။ ငှက်သိုက်ဆိုတာ ကြက်ငှက်တုပ်ကွေးရောဂါ မကင်းတဲ့နိုင်ငံတွေက လာတဲ့ ငှက်ရဲ့ ဘေးထွက်ပစ္စည်းမို့ပါ။ ဒါကြောင့် တစ်ပေါင်ကို အမေရိကန်ဒေါ်လာ ထောင်ချီတန်တဲ့ ငှက်သိုက်တွေကို အာရှမှာ ကြက်ငှက်တုပ်ကွေး မပျောက်သေးမချင်း သယ်မလာကြပါနဲ့။ ကြက်ငှက်တုပ်ကွေးရောဂါ အာရှတိုက်မှာ လုံးဝကင်းရှင်းသွားပြီလို့ ကမ္ဘာ့ကျန်းမာရေးဌာနကြီးတွေက ကြေငြာတဲ့အခါမှ ပြန်ခွင့်ပြုကောင်း ခွင့်ပြုပါလိမ့်မယ်။

ပင်လယ်စာတွေအကြောင်း ဆက်ပါမယ်။ ယေဘုယျအနေနဲ့ ပင်လယ်သတ္တဝါတွေနဲ့ ပတ်သက်တဲ့အစာတွေ အကုန်လုံးနီးပါး ခွင့်ပြုပါတယ်။ ငါး၊ ပုစွန်တွေဆို ရေခဲရိုက်အစိမ်းတွေတောင် ခွင့်ပြုပါတယ်။ ဆိုတော့ကာ အခြောက်၊ အကြော်၊ အမှုန့်၊ အကျက်တွေဆို သာလို့တောင်ရသေးလို့ ဆိုရမှာပါ။ သယ်ချင်တယ်ဆို ငါးပုပ်ခြောက်၊ ငါးဆားနယ်၊ ငါးပိ၊ ပုစွန်ငါးပိ(စိမ်းစားငါးပိ)တွေကို မချက်ဘဲ အစိမ်းအတိုင်း သယ်လာလို့ရပါတယ်။ ပလတ်စတစ်အိတ်တွေနဲ့ ထုပ်လာပါ၊ အင်ဖက်တွေ၊ ငှက်ပျောဖက်တွေနဲ့တော့ ထုပ်မလာရပါဘူး။ ကဏန်းအရှင်တွေတော့ ခွင့်မပြုပါ၊ ချက်ပြုတ်လာရင်တော့ ရပါတယ်။

ကဲ.. သစ်သီးသစ်ရွက်တွေအကြောင်း ပြောကြစို့။ လတ်ဆတ်တဲ့ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ သစ်ရွက်၊ သစ်ပင်တွေ၊ ပန်းပင် ပန်းပွင့် ပန်းဖူးတွေ၊ ပျိုးပင်တွေ၊ စိုက်ပျိုးဖို့ မျိုးစေ့တွေ၊ မြေကြီးနဲ့ မြေသားတွေ သယ်လာလို့ မရပါဘူး။ ဒါပေမယ့် သစ်သီး၊ ဟင်းသီးဟင်းရွက်တွေကို ယိုထိုး၊ အချဉ်တည်၊ အခြောက်လှန်း၊ ချက်ပြုတ်ထားရင်တော့ ခွင့်ပြုပါတယ်။ ဒါကြောင့် ဆီးယို၊ မရမ်း သရက်ယိုတွေဆို သယ်လို့ရတာပေါ့။ အဲ.. တညင်းသီးဆို ဆားရည်စိမ်နဲ့ ပြုတ်ပြီးသားဆို ခွင့်ပြုပါတယ်။ အစိမ်းတော့ သယ်မလာပါနဲ့။



တစ်ခုတော့ ကြိုတင်အသိပေးထားပါရစေ။ ဒီဆောင်းပါးရေးသူက CBP လို့ အတိုကောက်ခေါ်တဲ့ အကောက်ခွန်နဲ့ နယ်စပ်ကာကွယ်ရေးဗျူရိုမှာ အလုပ်လုပ်နေတဲ့ မိတ်ဆွေတွေကို မေးမြန်းပြီး ရေးထားတာမို့လို့ အထက်က အချက်အလက်တွေအတွက်တော့ တာဝန် မယူနိုင်ပါဘူး။ အဲ့  အသေးစိတ်သိချင်ရင် ကိုယ့်ဘာသာကိုယ် သက်ဆိုင်ရာ အင်တာနက်စာမျက်နှာ (ဝက်ဘ်ဆိုက်) တွေမှာ ရှာဖွေ ဖတ်ကြည့်နိုင်ပါတယ်။ ကျနော်သိထားတဲ့ ဝက်ဘ်ဆိုက် တစ်ခု ထည့်ရေးပေးလိုက်ပါတယ်။ www.cbp.gov ရဲ့ Questions/ Comments စာမျက်နှာက Top 5 FAQ's အကွက်မှာ ရှာဖွေ ဖတ်ကြည့်နိုင်ပါတယ်။ အဖြစ်အပျက် အပြောင်းအလဲ အလွန်မြန်ဆန်တဲ့ ဒီကနေ့ ကမ္ဘာ့နိုင်ငံအသီးသီးက သဘာဝဘေး၊ ပိုးမွှားရောဂါ အကြီးအသေးအလိုက်၊ အချိန်အခါ အခြေအနေအလိုက်၊ ဆက်ဆံသူ လူပုဂ္ဂိုလ်တစ်ဦးချင်းအလိုက် အပြောင်းအလဲတွေ ရှိနိုင် ဖြစ်နိုင်တယ်ဆိုတာကိုလည်း စာဖတ်သူတွေ နားလည်သဘောပေါက်ထားကြမယ်လို့ ယုံကြည်ပါတယ်။

အထက်က ရေးခဲ့တဲ့အချက်အလက်တွေက ယေဘုယျကြောင်းလမ်း (guidelines) တွေပါ။ အားလုံးကို ပြည့်ပြည့်စုံစုံ တထိုင်တည်း အသေးစိတ်ရေးပြလို့ မဖြစ်နိုင်ပါဘူး။ အချိန်နဲ့အမျှ အပြောင်းအလဲ ရှိနိုင်တာတွေကို သက်ဆိုင်ရာ ဝက်ဘ်ဆိုက်တွေမှာ ခရီးမထွက်ခင် နောက်ဆုံးအခြေအနေ (updates) တွေ ရှာဖတ်ကြည့်စေချင်ပါတယ်။

နောက်တစ်ခု အကြံပေးချင်တာက ပါလာတဲ့ အစာပစ္စည်းတွေ လေဆိပ်မှာ အသိမ်းခံရပြီဆိုရင် သွေးအေးအေး၊ ခေါင်းအေးအေးထားပြီး ပစ္စည်းသိမ်းသွားတဲ့ အရာရှိကို ညင်သာစွာ မေးခွန်းထုတ်ပါ။ စောဒကတက်ပါ။ အမေရိကားမှာ အရာရှိကို မေးခွန်းထုတ်ပိုင်ခွင့်၊ စောဒကတက်ပိုင်ခွင့် ရှိပါတယ်။ ဒါပေမယ့် အေးဆေးညင်သာရမယ်နော်။ ဒါနဲ့မှ မကျေနပ်ရင် အဲဒီအရာရှိရဲ့ အထက်က အုပ်ချုပ်သူအရာရှိ (supervisors) တွေနဲ့လည်း စကားပြောဖို့ တောင်းဆိုနိုင်ပါတယ်။ တခါတရံမှာ အရာရှိက မေးတာတခြား၊ ခရီးသည်က ဖြေတာတခြားဖြစ်ပြီး မှားယွင်း အသိမ်းခံရတာမျိုးလည်း ရှိတတ်ပါတယ်။ တခါတလေကျတော့ စားစရာပစ္စည်းရဲ့ အပြင်ပန်း အမြင်မှာတင် သံသယဖြစ်ပြီး သိမ်းလိုက်တာမျိုးလည်း ရှိနိုင်ပါတယ်။ ဥပမာ.. ကျနော်တို့ အသုံးပြုလေ့ရှိတဲ့ ပုစွန်ခြောက်မှုန့်ဆိုရင် တရုတ်လူမျိုးတွေ စားလေ့ရှိတဲ့ ဝက်သားအမှုန့်နဲ့ အလွန်တူလို့ ဝေခွဲမရဘဲ သိမ်းယူလိုက်တာမျိုး ရှိပါတယ်။ ဗာလချောင်ကြော် (ပုစွန်ခြောက်မှုန့်၊ ငါးခြောက်မှုန့်တွေနဲ့ ချက်ထားတဲ့ ငါးပိကြော်) ဆိုရင်လည်း ဝက်သားအမှုန့်နဲ့ ကြော်ချက်ထားတယ်လို့ ယူဆပြီး အသိမ်းခံရတတ်ပါတယ်။ စစ်ဆေးတဲ့ အရာရှိတွေအနေနဲ့ မြည်းစားကြည့်ခွင့် မရှိပါဘူး။ ဒါကြောင့် ခရီးသည်ကသာ လည်လည်ဝယ်ဝယ် ရှင်းပြတတ်ရင် စစ်ဆေးတဲ့ အရာရှိက အမှန်သိပြီး ပြန်ပေးလေ့ရှိပါတယ်။

ကျနော်တို့ အထူးနှစ်သက်တဲ့ လက်ဖက်စို (အသုပ်) ဆိုရင်လည်း ဒီအတိုင်းပါပဲ..။ လက်ဖက်က (preserved) နှပ်ပြီးသားပါ။ အဲဒါကို ခရီးသည်က အစိုအစိမ်း (fresh) ပါလို့ အဖြေမှားရင်တော့ အသိမ်းခံရပါလိမ့်မယ်။ အဲ.. တချို့အသားပါတဲ့အစာတွေကိုတော့ အသားမပါပါဘူးလို့ ပြီးစလွယ် လိမ်ညာ မပြောမိပါစေနဲ့။ အဲဒီ CBP ဌာနမှာ အလုပ်လုပ်နေကြတဲ့ အရာရှိအများစုက အတွေ့အကြုံ ရှိပြီးသားတွေပါ။ တချို့ဆိုရင် မြန်မာတွေကြိုက်တဲ့ လက်ဖက်တို့၊ တညင်းသီးတို့ကို ကောင်းကောင်းကြီး သိကြပါတယ်။ ဒါကြောင့် စောဒကတက်ရာမှာ မိမိပစ္စည်းက အမှန်အကန်ဆိုရင် အကြောင်းမဟုတ်ပေမယ့်၊ မမှန်မကန်ဆိုရင် ငွေဒေါ်လာ ၃၀၀ ဒဏ်တပ်ခံရနိုင်ကြောင်း သတိပေးပါရစေ။

ကဲ.. ဒီဆောင်းပါးလေးကို အနှစ်မချုပ်ခင် ငွေကြေးနဲ့ ပတ်သက်တာလေး ဗဟုသုတအဖြစ် နည်းနည်းလေး ဖြည့်စွက် ဆရာလုပ်ပါရစေဦး။ အမေရိကားကို ငွေသားနဲ့ ချက်လက်မှတ် ဘယ်လောက်ဖြစ်ဖြစ် 'တရားဝင်' သယ်လာခွင့်ရှိပါတယ်။ အဲဒီအပေါ်မှာ အကန့်အသတ်နဲ့ အခွန်ကောက်တာမျိုး မလုပ်ပါဘူး။ ပါလာတဲ့ ငွေသားနဲ့ ချက်လက်မှတ်က ဒေါ်လာတစ်သောင်းကျော်ရင်တော့ အထက်က ညွှန်းခဲ့တဲ့ အကောက်ခွန်ကြေညာပုံစံ (Customs Declaration Form) ထဲက အမှတ်စဉ် ၁၃ မှာ ကြေညာရပါမယ်။ အကောက်ခွန်အရာရှိတစ်ဦးဦးကို ဖွင့်ဟ ပြောပြရပါမယ်။ အဲဒီလို မလုပ်ဘဲ မြုံထား လျှို့ဝှက်ထားရင်တော့၊ တကယ်လို့ အစစ်ဆေးခံရပြီး ပေါ်သွားခဲ့ရင် အဲဒီငွေသားတွေ၊ ချက်လက်မှတ်တွေကို အသိမ်းခံ၊ ဒဏ်တပ်ခံရနိုင်တဲ့အပြင် ဥပဒေအရ တရားစွဲဆိုခံရနိုင်ပါသေးတယ်။

အထက်ပါ အချက်အလက်တွေဟာ ခရီးသည်တွေကိုယ်တိုင် မိမိနဲ့တပါတည်း သယ်ယူလာတဲ့ အစားအစာတွေမှာသာ အကျုံးဝင်တာမဟုတ်ပါဘူး။ စာတိုက်လုပ်ငန်းတို့၊ ပုဂ္ဂလိကပိုင် အမြန်ချောစာပို့လုပ်ငန်း (DHL, FedEx, UPS) တို့ကနေ တဆင့်ပို့လာရင်လည်း အထက်ပါအချက်တွေနဲ့အညီ စစ်ဆေးခံရပြီးမှ လိပ်စာရှင်လက်ထဲ ရောက်မှာဖြစ်ကြောင်း သိစေလိုပါတယ်။

ခွင့်ပြုသော အစားအစာများ

ပုစွန်၊ ပုစွန်ခြောက်၊ ငါး၊ ငါးခြောက်၊ ငါးပုပ်ခြောက်၊ ငါးပိ၊ ပုစွန်ငါးပိ။ လက်ဖက်စို၊ လက်ဖက်ခြောက်။ ပုန်းရည်ကြီး၊ မလိုင်၊ ကိတ်မုန့်၊ ကိတ်ခြောက်၊ ပေါင်မုန့်၊ ထိုးမုန့်၊ ဟာလဝါ။ သစ်သီးယိုမျိုးစုံ၊ သစ်သီးခြောက်။ ငရုတ်သီးမှုန့်၊ နနွင်းမှုန့်၊ မဆလာမှုန့်၊ ပဲမှုန့်၊ မြေပဲဆန်အကျက်။ ထန်းလျက်။ အသင့်ချက်ပြီး မုန့်ဟင်းခါးထုပ်၊ ခေါက်ဆွဲထုပ်။ သရက်သီး ပိုးတီ၊ သရက်သီးသနပ်၊ ခံတက်ချဉ်၊ တမာချဉ်နဲ့ ချဉ်ဖတ်မျိုးစုံ။ မြေသားမပါသော မှိုစို (အစိမ်း)။ မကျည်းသီးမှည့်။ ငှက်ပျောအူ (အကျက်)။ အခွံသင်ထားသော ကြက်သွန်ဖြူ (အစိမ်း)၊ မြေသားမပါသော ချင်းတက်၊ အပြင်အုန်းဆံခွံ မပါသော အုန်းသီးခေါင်းတုံး။ ပဲကြီးလှော်၊ ဆန်ဖြူ၊ ကောက်ညှင်းကျည်တောက်။

ခွင့်မပြုသော အစားအစာများ

ဝက်အူချောင်း၊ ဆိတ်သားခြောက်၊ ဆတ်သားခြောက်နှင့် အသားခြောက်အမျိုးမျိုး။ တိရစ္ဆာန်အရိုး၊ သွား၊ ချို၊ အကြော၊ အရွတ်။ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ ကွမ်းရွက်၊ ကွမ်းသီး (အမြောက်အမြား)။ အသီးအမျိုးမျိုး၊ မျိုးစေ့အမျိုးမျိုး၊ သစ်ပင်ပျိုးပင်၊ သစ်ရွက်၊ ပန်းပင်၊ ပန်းပွင့်အမျိုးမျိုး။ မြေကြီး၊ မြေသား။ ငှက်ပျောအူ (အစိမ်း)၊ ငှက်ပျောရွက်၊ အင်ရွက်၊ ဖက်ရွက်၊ ညောင်ရွက်၊ အရွက်အမျိုးမျိုး။ ပေါက်စီ၊ ဝက်သားကောက်ညှင်းထုပ်၊ အသားညှပ်ပေါင်မုန့်။ ကောက်ညှင်းငချိတ်ဆန်၊ ဆန်မည်း ဆန်နီ။ ကြံချောင်း၊ ဝါးလုံးစိမ်း။

<< ခရီးသည်တိုင်း ဖြည့်စွက်ရတဲ့ အကောက်ခွန်ကြေညာပုံစံ

<< CBP Form 6059B (Customs Declaration Form)









(ဆောင်းပါးမူရင်းကို စက်တင်ဘာ ၂၇ ၂၀၀၅ နေ့က မိုးမခတွင် ဖော်ပြခဲ့ပြီးဖြစ်သည်။ ယခုအခါ အပြောင်းအလဲအချို့ကြောင့် အနည်းငယ်ပြုပြင်ထားပါသည်။)

Comments

Popular posts from this blog

ဟော့ဒီက ပဲပြုတ် နူးနူးအိအိကလေး...

ပြည်ပရောက် မြန်မာတွေထဲမယ် ပဲပြုတ် မကြိုက်တဲ့သူ အတော်နည်းမယ်လို့ ပြောရင်၊ သဘောတူမယ့်သူ အတော်များမယ်လို့ ထင်ပါတယ်။ ပဲပြုတ် နူးနူးအိအိကလေးကို ပဲဆီမွှေးမွှေးလေး ဆမ်း၊ ဆားကလေး ဖြူး၊ ထမင်းကြမ်းနဲ့ အဆာပြေ စားမလား.. နံပြားနဲ့ တီးမလား..။ ကောက်ညှင်းပေါင်းနဲ့ လွေးမလား.. မုန့်ဟင်းခါးနဲ့ ဝါးမလား..။ ဒါမှမဟုတ် ဆီပူပူထဲ ကြက်သွန်ဖြူ၊ နနွမ်းမှုန့်၊ ဆား၊ ထမင်းကြမ်းနဲ့ ပဲပြုတ်လေး ထည့်လှိမ့်ပြီး ထမင်းကြော်လုပ် ဆွဲမလား.. အလွယ်တကူ ဝယ်လို့ရတဲ့ ပေါင်မုန့် အဖြူထည်နဲ့ပဲ ပြီးစလွယ် ကြိတ်မလား.. ဘယ်လိုပဲစားစား ပဲပြုတ်ရဲ့ အိဆိမ့်တဲ့ အရသာက စွဲမက်စရာပါ။ မြန်မာပြည်မှာဆို ပဲပြုတ် နွေးနွေးအိအိလေးကို နေ့စဉ် မနက်စောစော လွယ်လွယ် ဝယ်စားလို့ရပေမဲ့၊ ပြည်ပမှာတော့ လွယ်လွယ် မရနိုင်ပါဘူး။ ဝယ်လို့ရခဲ့ရင်လည်း ကြာရှည်ခံအောင် ရေခဲသေတ္တာထဲ အခဲထား သိမ်းပြီး၊ စားခါနီးမှ နွှေးစားလေ့ရှိကြတာပါ။ ဒါကြောင့် အရသာက မြန်မာပြည်မှာလို ကွက်တိ မတူနိုင်ပါဘူး။ ကိုယ်တိုင် ပဲဖောက်ပြီး ပြုတ်မယ်ဆိုရင်တောင် ပြုတ်နည်း မမှန်ရင်၊ ပဲက မအိပဲ ဆတ်တောက်တောက်နဲ့မို့ စားလို့ စိတ်တိုင်းမကျ ဖြစ်ရပြန်ပါတယ်။ ကျနော်ကိုယ်တိုယ်လည်း ချက်နည်းပြုတ်နည်း စာအုပ်မျိုးစုံထဲက

ဘိုထိုင်အိမ်သာ ကျင့်ဝတ်များ

အလုပ်နဲ့ပတ်သက်တဲ့ ဌာနတခုရဲ့ ရေအိမ်သာထဲမှာ ချိတ်ထားတာလေး ဖတ်မိပြီး၊ သဘောကျလို့ ဝေမျှလိုက်ပါတယ်။ ဘိုထိုင်အိမ်သာတွေမှာ လိုက်နာကျင့်သုံးသင့်တဲ့ ကျင့်ဝတ်တွေပါ။ ဘိုထိုင်အိမ်သာနဲ့ ကျင့်သား မရှိသေးတဲ့သူတွေအတွက် ရည်ရွယ်သလို၊ ကျင့်သားရှိပြီးသူတွေလည်း လိုက်နာသင့်တဲ့အချက်တွေပါ။ ကဲ..နှာခေါင်းလေး ပိတ်ပြီး ဖတ်မယ်။ Bathroom Etiquette သန့်စင်ခန်း ကျင့်ဝတ်များ 1. After use with seat in ' down ' position: အိမ်သာအိုးအထိုင် (အပေါက်ဝိုင်း) ' အကျ(အထိုင်) ' အနေအထား၌ အသုံးပြုပြီးနောက်.. Lift seat and examine all areas of commode including the under side of the seat. အထိုင်ကိုမတင်လျက် အထိုင်အောက် မျက်နှာပြင်အပါအဝင် အိမ်သာအိုးနေရာအနှံ့ အညစ်အကြေး စွန်းထင်းခြင်း ရှိမရှိ စစ်ဆေးပါ။ Using special toilet cloth wipe (or brush), clean all residue from surfaces. အိမ်သာသုံးစက္ကူကို အသုံးပြုလျက် နေရာအနှံ့ရှိ အစွန်းအထင်းများကို သုတ်သင်ရှင်းလင်းပါ။ 2. After use with seat in ' up ' position: အိမ်သာအိုးအထိုင် (အပေါက်ဝိုင်း) ' အတင် ' အနေအထား၌ အသုံးပြုပြီးနောက်.. Examine

ဟိုတုန်းက မိသားစုထမင်းဝိုင်းလေးကို လွမ်းပါဘိတော့...

ဟိုတနေ့က မကြာခဏ ဆင့်ခေါ်ခံရလေ့ရှိတဲ့ တရားစီရင်ရေး တာဝန် (Jury Duty) ထမ်းဆောင်နေရင်း၊ အမှတ်မထင် ဖတ်လိုက်မိတဲ့ သတင်းဆောင်းပါးတို တပုဒ်ကြောင့် မြန်မာရုပ်ရှင်တွေထဲကလို နောက်ကြောင်းတွေ ပြန်တွေးမိပြီး ငယ်စဉ်က မိသားစုထမင်းဝိုင်းလေးကို ဝိုးတိုးဝါးတား ပြန်ရောက်သွားခဲ့ရတယ်.. အထူးသဖြင့် အဲ့ဒီထမင်းဝိုင်းက ငါးပိရည် တို့စရာတွေ လက်နဲ့ နယ်ဖတ်ပြီး အားပါးတရ စားလေ့ရှိတဲ့ မိခင်ကြီးကို အရမ်းသတိရမိတယ်။ ဒီတသက် ဘယ်တော့မှ ပြန်မရနိုင်တော့တဲ့ အဲ့ဒီထမင်းဝိုင်းလေးကို တန်ဘိုးထားရမှန်း အသိ၊ အလင်းဝင်မိတဲ့အချိန်ကတော့ အလွန်နှောင်းနေပါပြီ။ ဖတ်မိတဲ့ ဆောင်းပါးခေါင်းစဉ်က " Rediscovering the joys of shared meals in your household " တဲ့။ မြန်မာလို ဆီလျော်အောင် ဘာသာပြန်ရရင် " သင့်မိသားစုအတွင်း လက်ဆုံစားသောက်ခြင်းရဲ့ ပျော်ရွှင်မှုများကို ပြန်လည်တူးဆွခြင်း " ပေါ့။ အဲဒီဆောင်းပါးမှာ ခုလိုနိဒါန်းပျိုးထားပါတယ်။ ခုခေတ် အမေရိကမှာ မိသားစု စုံစုံညီညီ ဝိုင်းဖွဲ့စားသောက်ကြဖို့ဆိုတာ လွယ်ကူလှတဲ့ အခွင့်အရေး မဟုတ်တော့ပါဘူးတဲ့။ နေ့စဉ် ဇယ်စက်သလို များပြားလှတဲ့ အလုပ်ချိန်ဇယားနဲ့ ရှည်လျားတဲ့ အလုပ်ချိန်နာရီတွေအပြင် ခေတ်မီနည်းပညာ