Skip to main content

နှစ်မချို့ခင် ရန်ကုန်ကို လွမ်းလို့....

နာမည်ကြီး ဘလော့ဂါတွေလည်း သူတို့ဘလော့ဂ်တွေမှာ ပို့စ်အသစ်မတင်ဖြစ်တာ တချို့ဆို နှစ်တောင်ချို့နေပြီ။ ဒါကြောင့် ကိုယ့်ဘလော့ဂ်လဲ နှစ်မချို့ခင် အသစ်လေး တင်ချင်စိတ် ပေါက်လာမိတယ်။ နောင်မကြာခင်ဆို ဘလော့ဂ်ဆိုတာကြီး ရှိချင်မှ ရှိတော့မှာလေ။ လောကဓမ္မတာအရ သူ့နေရာမှာ ဖေ့ဘွတ်(Facebook) ဆိုတာကြီး ခေတ်စားလာတော့ ကျနော်ကိုယ်တိုင်လည်း တနေ့တနေ့ ဖေ့ဘွတ်မှာပဲ အချိန်ကုန် ကုန်နေတာ။ ကိုယ်ဘလော့ဂ်လေးကိုတော့ သံယောဇဉ်အကြီးအကျယ် မရှိမိပါဘူး။ သင်္ခါရသဘောကို စောကြောမိတာမို့ ပျက်ချိန်တန် ပျက်မှာကိုလည်း ကြိုလက်ခံပြီးသားပဲလေ။ ဒါပေမဲ့ ကျနော့်ရဲ့ "ပဲပြုတ်အလွယ်ချက်နည်း"ကို လူအတော်သိနေတာဆိုတော့ ဘယ်သူတွေများ ဒီပဲပြုတ်ချက်နည်းကို လာလာကြည့်ကြသလဲ၊ ဘယ်နိုင်ငံကလဲ... ဘယ်နှစ်ယောက်ရှိလဲ ဆိုတာကိုတော့ နည်းနည်းစိတ်ဝင်စားပါသေးတယ်။ ဒီချက်နည်းနဲ့ အချိန်တိုတိုအတွင်း အဆင်ပြေပြေ အလွယ်ချက်စားနိုင်ကြတယ်ဆိုတာမျိုး မှတ်ချက်ဖတ်ရရင် အလွန်ကျေနပ်မိပါတယ်။ ကိုယ်ကိုယ်တိုင်လည်း ခုထိ ဒီချက်နည်းနဲ့ပဲ စိတ်ချမ်းသာနေရတုန်းပါပဲ။ အင်း... ကိုယ့်ငါးချဉ် ကိုယ်ချဉ်နေမိပြီ ထင်ပါရဲ့။ တကယ်တော့ ဒီပို့စ်မှာ ပြောချင်တာ ဘာမှမရှိလို့ ဗလာအင်ရို ဝင်လိုက်တာပါ။ နောက်ဆုံးတင်ထားတဲ့ ပို့စ်လေး နှစ်မချိုခင် အပြောင်းအလဲဖြစ်အောင် ပို့စ်အသစ်တင်ချင်တဲ့ ဆန္ဒပဲ ရှိနေတာလေ..။ ဒီတော့ ဘာမှ မပြောမရေးပဲ ကိုယ်ရိုက်ထားတဲ့ ပုံလေးတွေ တင်လိုက်ရင်လဲ ဖြစ်တာပဲ မဟုတ်လား။ ဒါပေမဲ့ အဲလို တုံးတိကြီးတော့ ဖီလင်မရှိပါဘူး။ ကိုယ်က ဓာတ်ပုံဆရာ မဟုတ်တာတော့ ပုံတွေကြည့်တာနဲ့တင် ရိပ်မိမှာပါ။ ဒါပေမဲ့လေ.. အနူတောထဲက လူချောလို့ ကိုယ့်ကို အထင်ကြီးတာဆိုတော့ ကိုယ်ကြိုက်တဲ့ ရှုခင်းပုံလေးတွေနဲ့ စားစရာပုံတွေကို ကြုံသလို ကျဘန်းတင်လိုက်ပါတယ်။ ပုံတွေအားလုံးကို ၂၀၁၂ ကုန် ၂၀၁၃ ခုနှစ်အကူး ရန်ကုန်အလည်ရောက်တုန်းက ရိုက်ထားတာပါ။ အပျော်အလွယ်ရိုက် ကင်မရာ Canon PowerShot SD980 IS DIGITAL ELPH နဲ့ ရိုက်ထားတာမို့ ပုံထွက် မကောင်းပါဘူး။ ဒါကြောင့် ပိုကြည့်ကောင်းအောင် အနားတွေဖဲ့ အရောင်တွေမြှင့် လုပ်ထားပါတယ်။ ခံစား နားဆင် အဲ ရှုစားကြည့်ကြပါဦးခင်ဗျား...။ ဒချိ ဒချိ ...































Popular posts from this blog

ဟော့ဒီက ပဲပြုတ် နူးနူးအိအိကလေး...

ပြည်ပရောက် မြန်မာတွေထဲမယ် ပဲပြုတ် မကြိုက်တဲ့သူ အတော်နည်းမယ်လို့ ပြောရင်၊ သဘောတူမယ့်သူ အတော်များမယ်လို့ ထင်ပါတယ်။




ပဲပြုတ် နူးနူးအိအိကလေးကို ပဲဆီမွှေးမွှေးလေး ဆမ်း၊ ဆားကလေး ဖြူး၊ ထမင်းကြမ်းနဲ့ အဆာပြေ စားမလား.. နံပြားနဲ့ တီးမလား..။ ကောက်ညှင်းပေါင်းနဲ့ လွေးမလား.. မုန့်ဟင်းခါးနဲ့ ဝါးမလား..။ ဒါမှမဟုတ် ဆီပူပူထဲ ကြက်သွန်ဖြူ၊ နနွမ်းမှုန့်၊ ဆား၊ ထမင်းကြမ်းနဲ့ ပဲပြုတ်လေး ထည့်လှိမ့်ပြီး ထမင်းကြော်လုပ် ဆွဲမလား.. အလွယ်တကူ ဝယ်လို့ရတဲ့ ပေါင်မုန့် အဖြူထည်နဲ့ပဲ ပြီးစလွယ် ကြိတ်မလား.. ဘယ်လိုပဲစားစား ပဲပြုတ်ရဲ့ အိဆိမ့်တဲ့ အရသာက စွဲမက်စရာပါ။



မြန်မာပြည်မှာဆို ပဲပြုတ် နွေးနွေးအိအိလေးကို နေ့စဉ် မနက်စောစော လွယ်လွယ် ဝယ်စားလို့ရပေမဲ့၊ ပြည်ပမှာတော့ လွယ်လွယ် မရနိုင်ပါဘူး။ ဝယ်လို့ရခဲ့ရင်လည်း ကြာရှည်ခံအောင် ရေခဲသေတ္တာထဲ အခဲထား သိမ်းပြီး၊ စားခါနီးမှ နွှေးစားလေ့ရှိကြတာပါ။ ဒါကြောင့် အရသာက မြန်မာပြည်မှာလို ကွက်တိ မတူနိုင်ပါဘူး။ ကိုယ်တိုင် ပဲဖောက်ပြီး ပြုတ်မယ်ဆိုရင်တောင် ပြုတ်နည်း မမှန်ရင်၊ ပဲက မအိပဲ ဆတ်တောက်တောက်နဲ့မို့ စားလို့ စိတ်တိုင်းမကျ ဖြစ်ရပြန်ပါတယ်။



ကျနော်ကိုယ်တိုယ်လည်း ချက်နည်းပြုတ်နည်း စာအုပ်မျိုးစုံထဲက နည်းတွေရော၊…

မိတ်ဆွေ နှင့် ငွေ

အသိတရား တစုံတရာ ရပြီးတဲ့ ကာလ တခု နောက်ပိုင်းမှာ ကိုယ်နဲ့ ဆက်ဆံတဲ့သူတွေကို ကိုယ့်ကြောင့် အဆင်ပြေပြေ ဖြစ်စေချင်တာ၊ အဆင်မပြေရင်တောင်မှ မနစ်နာစေချင်တာတွေဟာ သိစိတ်ရော မသိစိတ်ထဲမှာပါ သန္ဓေတည်နေခဲ့တာပါ။ ကိုယ်နဲ့ ထဲထဲဝင်ဝင် စိတ်တူကိုယ်တူ ပေါင်းသင်းဖူးသူတွေ နားလည်ကြပါလိမ့်မယ်။ ဒါပေမဲ့ အဲ့ဒီလို နားလည်ပေးနိုင်မဲ့သူကလည်း နည်းမှာ အမှန်ပဲ။ ဘာကြောင့်လဲဆိုတော့ ကိုယ်နဲ့ ထဲထဲဝင်ဝင် ပေါင်းသင်းတတ်တဲ့ သူတွေကလည်း အလွန်နည်းတာကိုး။ အဲ့ဒီနည်းတဲ့အထဲကပဲ မနှစ်ကစပြီး တယောက် လျော့ခဲ့ရပြန်ပါတယ်။ အကြောင်းကတော့ ကိုယ့်ကြောင့် တခြားသူတွေ အဆင်ပြေပါစေဆိုတဲ့ အချိန်ယူ လေ့ကျင့်မွေးမြူခဲ့ရတဲ့ စိတ်ထားကောင်းလို့ ခေါ်မလား.. အဲ့ဒီစိတ်ထားကြောင့်ပဲလို့ ပြောရင် မှားမယ် မထင်ဘူး။

ဒီတခါ လျော့ပါးခဲ့ရတဲ့ သူငယ်ချင်း (သို့) မိတ်ဆွေကတော့ မနေ့တနေ့ကမှ ပေါင်းသင်းဆက်ဆံခဲ့ရတဲ့ သူတော့ မဟုတ်ပါဘူး။ ဟိုးအရင် အနှစ်သုံးဆယ်ကျော် တဆက်တည်း သိကျွမ်းခဲ့ရတဲ့ ငယ်သူငယ်ချင်းပါ။ မြန်မာပြည်မှာနေဆဲပါ။ ကိုယ်က ရေကြည်ရာ မြက်နုရာရှာတဲ့ သတ္တဝါမို့ ပြည်ပမှာ နေပေမဲ့ ပြီးခဲ့တဲ့နှစ်ကအထိ သူနဲ့ အဆက်အသွယ် မပြတ်ခဲ့ပါဘူး။ မြန်မာပြည် အလည်ပြန်တိုင်းလည်း သူက ရန်ကုန်ဆင်းရင် ဆင်းလာ၊ …

ဟိုတုန်းက မိသားစုထမင်းဝိုင်းလေးကို လွမ်းပါဘိတော့...

ဟိုတနေ့က မကြာခဏ ဆင့်ခေါ်ခံရလေ့ရှိတဲ့ တရားစီရင်ရေး တာဝန် (Jury Duty) ထမ်းဆောင်နေရင်း၊ အမှတ်မထင် ဖတ်လိုက်မိတဲ့ သတင်းဆောင်းပါးတို တပုဒ်ကြောင့် မြန်မာရုပ်ရှင်တွေထဲကလို နောက်ကြောင်းတွေ ပြန်တွေးမိပြီး ငယ်စဉ်က မိသားစုထမင်းဝိုင်းလေးကို ဝိုးတိုးဝါးတား ပြန်ရောက်သွားခဲ့ရတယ်.. အထူးသဖြင့် အဲ့ဒီထမင်းဝိုင်းက ငါးပိရည် တို့စရာတွေ လက်နဲ့ နယ်ဖတ်ပြီး အားပါးတရ စားလေ့ရှိတဲ့ မိခင်ကြီးကို အရမ်းသတိရမိတယ်။ ဒီတသက် ဘယ်တော့မှ ပြန်မရနိုင်တော့တဲ့ အဲ့ဒီထမင်းဝိုင်းလေးကို တန်ဘိုးထားရမှန်း အသိ၊ အလင်းဝင်မိတဲ့အချိန်ကတော့ အလွန်နှောင်းနေပါပြီ။

ဖတ်မိတဲ့ ဆောင်းပါးခေါင်းစဉ်က "Rediscovering the joys of shared meals in your household" တဲ့။ မြန်မာလို ဆီလျော်အောင် ဘာသာပြန်ရရင် "သင့်မိသားစုအတွင်း လက်ဆုံစားသောက်ခြင်းရဲ့ ပျော်ရွှင်မှုများကို ပြန်လည်တူးဆွခြင်း" ပေါ့။ အဲဒီဆောင်းပါးမှာ ခုလိုနိဒါန်းပျိုးထားပါတယ်။ ခုခေတ် အမေရိကမှာ မိသားစု စုံစုံညီညီ ဝိုင်းဖွဲ့စားသောက်ကြဖို့ဆိုတာ လွယ်ကူလှတဲ့ အခွင့်အရေး မဟုတ်တော့ပါဘူးတဲ့။ နေ့စဉ် ဇယ်စက်သလို များပြားလှတဲ့ အလုပ်ချိန်ဇယားနဲ့ ရှည်လျားတဲ့ အလုပ်ချိန်နာရီတွေအပြင် ခေတ်မီနည်းပညာတွေက…