မိုးဆက်
ဇူလိုင် ၁၂၊ ၂ဝဝ၅
တလောတုန်းက မိတ်ဆွေစာရေးဆရာတစ်ဦးက သူ့ရဲ့ အင်တာဗျူးဆောင်းပါးတစ်ပုဒ်မှာ Civic-minded ဆိုတဲ့ အင်္ဂလိပ်စာလုံးကို အဓိပ္ပာယ်မပြန်ဘဲ မြန်မာစာလုံးတွေကြားမှာ ခပ်တည်တည် ညှပ်ရေးလိုက်တဲ့အတွက် ဖတ်ရင်း ဘဝင်မကျ ဖြစ်ခဲ့ရပါတယ်။ ဒါနဲ့ ခင်မင်ရင်းစွဲရှိတာကြောင့် အဲဒီမိတ်ဆွေ စာရေးဆရာကို ရင်းနှီးစွာ အပြစ်ဆိုခဲ့မိပါတယ်။ ဘာကြောင့် မြန်မာလို တိတိကျကျ ဘာသာမပြန်ရတာလဲလို့လည်း ဆရာလုပ် မေးမိပါတယ်။ ပြီးတော့ အဲဒီစကားလုံးကို မြန်မာလို အဓိပ္ပာယ်အတိအကျ ပြန်ဖို့ သူနဲ့ အကျယ်တဝင့် ဆွေးနွေးမိပါသေးတယ်။ ဒါပေမယ့်လည်း စကားလုံးက တိုသလောက် အဓိပ္ပာယ်က နက်နဲကျယ်ဝန်းလွန်းတော့ ဘာသာပြန်ဖို့ မြန်မာစကားလုံးတိုတို ရှာမတွေ့ခဲ့ကြပါဘူး။ ဒီတော့မှ ဘာသာစကားအသီးသီးမှာ ရှည်လျားတဲ့သမိုင်းဖြစ်စဉ်၊ ခြားနားတဲ့ယဉ်ကျေးမှု၊ လူမှုဆက်ဆံရေး၊ နိုင်ငံရေးတွေရဲ့ တိုးတက်မှုဖြစ်စဉ်တွေအရ အဓိပ္ပာယ်ထပ်တူ မရှိနိုင်တဲ့ စကားလုံးတွေ အများကြီးရှိနိုင်ပါလားလို့ အတွေးဝင် လက်ခံနေမိပါတယ်။
တဆက်တည်းမှာပဲ မြန်မာဘာသာစကားမှာရှိနေတဲ့ တိုတောင်းပြီး အဓိပ္ပာယ် ပြည့်ဝကျယ်ဝန်းတဲ့ စကားလုံး၊ စကားစု၊ စကားပုံတွေကိုပါ ဆက်ပြီး ဆင့်ပွား အတွေးများနေပါတော့တယ်။ တခါတရံမှာ ရှိပြီးသား စကားလုံးတွေအပေါ်မှာ အဓိပ္ပာယ် ပြည့်ပြည့်ဝဝ မခံစား၊ နားမလည်တတ်တာတွေ ရှိတတ်ပါသေးတယ်။ မိမိဘဝ တထောင့်တနေရာမှာ လက်တွေ့ကြုံတွေ့ရတော့မှပဲ အဲဒီ နားရည်ဝပြီးသား စကားလုံးတွေက ပိုပြီး နက်နက်ရှိုင်းရှိုင်း၊ ထိထိမိမိ အဓိပ္ပာယ် ရှိလာပါတော့တယ်။ ဥပမာ.. ငယ်စဉ်က လူကြီးသူမတွေ ပြောလေ့ ခိုင်းနှိုင်းလေ့ရှိတတ်တဲ့ "အမြီးကျက် အမြီးစား၊ ခေါင်းကျက် ခေါင်းစား၊ ဘယ်သူသေသေ ငတေမာရင် ပြီးရော"စတဲ့ စကားတွေဟာ အမြဲလိုလို ကြားနေကျ စကားတွေပါ။ ဒါပေမယ့် လူအများစုက လေးလေးနက်နက် ခံစားသိနဲ့ နားလည်သုံးစွဲကြသလားတော့ ကျနော် မသိပါ။ ကျနော့်အဖို့မှာတော့ ကိုယ်တွေ့ ကြုံခဲ့ဖူးတဲ့ အဖြစ်အပျက်လေးတစ်ခုနဲ့ ယှဉ်ပြီး အဲဒီလို တိုတောင်းထိမိလှတဲ့ စကားပုံ ဆိုရိုးတွေရဲ့ အဓိပ္ပာယ်ကို စူးစူးနစ်နစ် ခံစားနားလည်ခဲ့ရဖူးပါတယ်။
မြန်မာပြည်ကြီးကို သံယောဇဉ် အလွန်အမင်း ရှိကြသူအများအပြားထဲမှာ ကျနော်လည်း တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ ဒါ့ထက်ပိုပြီး အမွှန်းတင်ရမယ်ဆိုရင်ဖြင့် ကျနော်တို့ရဲ့ နိုင်ငံတော်ကြီးကို တခြား အိမ်နီးချင် ကမ္ဘာ့နိုင်ငံတော်ကြီးများနဲ့ ရင်ပေါင်တန်းပြီး တိုးတက်စည်ပင်စေချင်တဲ့ စေတနာအသိစိတ်တစ်ခုနဲ့ အမြဲ ချစ်ခင်နေရတာပါလို့ဆိုရင်တောင် ပိုမယ်မထင်ပါဘူး။ အဲဒီလို သံယောဇဉ်အမျှင်တန်းတွေကြောင့်လည်း မစည်ပင်နိုင်သေးတဲ့ မြန်မာပြည်ကို မျက်နှာမလွှဲရက်ဘဲ ၁ နှစ် ၁ ခေါက်၊ ၂ နှစ် ၁ ခေါက်လောက် ပြန်ပြီး လည်ပတ်ဖြစ်ပါတယ်။ ပြန်ရောက်တိုင်းလည်း လူထုအတွင်းမှာ အနီးကပ်ဆုံး တသားတည်းဖြစ်အောင် နေထိုင်ခဲ့သလို နီးစပ်ရာ မိတ်ဆွေ၊ သားချင်းတွေနဲ့ စကားစမြည်ပြောဆိုရာမှာလည်း ကမ္ဘာနဲ့အမီ တိုးတက်ပြောင်းလဲတဲ့ အသိအမြင်တွေ ရှိစေဖို့လည်း အနီးကပ် အကြံပေး ပြောဆိုမိပါတယ်။ ဉာဏ်မီသလောက်၊ ကိုယ်စွမ်းရှိသလောက် အမြဲ ကြိုးစားခဲ့ပါတယ်။ ဒီနေရာမှာ... အလွမ်းပြေသက်သက်၊ အပျော်အပါးချည်းသက်သက်၊ အကြွားအဝါချည်းသက်သက် မဟုတ်ဘူးဆိုတာကိုတော့ ကြိုတင်ပြီး စောဒက တက်ထားပါရစေ။
ဒီလို ပြန်လည်ပတ်ခဲ့တဲ့ တခုသောနှစ်မှာ အင်းလေးကန်ဘက်ကို ရောက်ဖြစ်ခဲ့ပါတယ်။ ကျနော်နဲ့အတူ ဇနီးသည်၊ သူ့ တူမများနဲ့ ကျနော့်ညီမဝမ်းကွဲများလည်း ပါပါတယ်။ ကျနော့်ဇနီးသည်က လွဲလို့ ကျန်အမျိုးသမီးတွေက ပြည်တွင်းက ဖြစ်တာမို့ သူတို့တွေအတွက် အတွေ့အကြုံရှိရအောင်ရယ်၊ လုံခြုံမှု ပိုကောင်းရအောင်ရယ်ဆိုပြီး နိုင်ငံခြားသား ဧည့်သည်တွေ အများအပြား တည်းခိုတဲ့ ဟိုတယ်တစ်ခုမှာ ညအိပ်တည်းခိုဖြစ်ပါတယ်။ အဲဒီဟိုတယ်ကလည်း ဧည့်သည်တွေကို ရှမ်းရိုးရာ အက အလှတွေနဲ့ ညစဉ် ဖျော်ဖြေလေ့ရှိပါတယ်။ ဟိုတယ် ပြင်ပ ကျယ်ပြန့်တဲ့ မြေသလင်းမှာ ဧည့်သည်တွေအတွက် ထိုင်ခုံ အခင်းအကျင်းနဲ့ ဖျော်ဖြေတာပါ။ ကျနော်တို့တည်းတဲ့ညက ဟိုတယ်မှာ တည်းတဲ့ဧည့်သည် အတော်များပါတယ်။ ပွဲခင်းကလေးမှာ ဧည့်သည်တွေအားလုံးအတွက် ထိုင်ခုံတွေ အလုံအလောက် အတန်းလိုက် ခင်းကျင်းထားတာကို သတိပြုမိပါတယ်။ ဒါပေမယ့်လည်း ရှေ့ဆုံး ၂ တန်းလောက်က ထိုင်ခုံတွေက နည်းနည်းပိုကောင်းပြီး ကျန် နောက်တန်းက ခုံတွေကတော့ ရိုးရိုး ပလတ်စတစ်ထိုင်ခုံတွေပါပဲ။
ပွဲမစမီမှာ ကျနော့်ဇနီးက လွဲလို့ ကျန်တဲ့ အမျိုးသမီးတွေအားလုံးက ဖြီးလိမ်းပြင်ဆင်ပြီးလို့မို့ ရှေ့တန်းက အကောင်းဆုံး ခုံနေရာတွေမှာ နေရာယူလိုက်ကြပါတယ်။ ဇနီးသည်ကတော့ မြန်မာပြည် အလည်ပြန်သူတို့ ထုံးတမ်းမပျက် အစားမှားပြီး နေထိုင်မကောင်းဖြစ်နေလို့ အခန်းထဲမှာပဲ အနားယူနေပါတယ်။ ကျနော်ကလည်း သူနဲ့အဖော်ရအောင် အနားမှာ စောင့်ရှောက်နေရတာပေါ့။ အချိန်က ညနေ မှောင်ရီပျိုးစ၊ ဒေသကလည်း ရှမ်းကုန်းမြေမြင့်မှာဆိုတော့ အတူပါလာတဲ့ မြေပြန့်သူ ပျိုမေတသင်းခမျာ အလွန်အမင်း အအေးဓာတ် ပိုကဲစွာ ခံစားနေရရှာပါတယ်။ ဒီအခါ... ၂ဝ ကျော်အရွယ် တူမပျိုတွေက အနွေးထည်ကိုယ်စီနဲ့ စတိုင်ထုတ်နေပြီး၊ ၃ဝ ကျော်အရွယ် ကလေးအမေတွေ ဖြစ်နေတဲ့ ညီမ ၂ ယောက်ကတော့ အနွေးထည်အင်္ကျီတွေနဲ့တင် အားမရနိုင်ဘဲ၊ ပါလာတဲ့ အဝတ်တဘက်ကလေး ခေါင်းပေါ်တင်ခြုံပြီး 'မင်းဂံဘုတ် ရွာသူ'တွေလုပ်လို့ ရှမ်းကုန်းမြေမြင့်ရဲ့ အအေးဒဏ်ကို တွန်းလှန်ရင်း ထိုင်ခုံတွေမှာ ကျုံ့ကျုံ့ ပုံ့ပုံ့ကလေး ထိုင်နေကြရှာပါတယ်။ အဲဒီအချိန်မှာ အသက် ၅ဝ ကျော်အရွယ် ဥရောပသူ အမျိုးသမီးကြီးတစ်ဦးနဲ့ အသက် ၃ဝ အရွယ် လမ်းညွှန် မြန်မာအမျိုးသမီးတစ်ဦးတို့ သူတို့ထိုင်နေတဲ့ ခုံတွေနား အတူရောက်လာကြပါတယ်။
ရောက်ရောက်ချင်း ကျနော့်ညီမနဲ့ တူမပျိုတစုလုံးကို အဲဒီလမ်းညွှန်အမျိုးသမီးက အခုလို ပြောချလိုက်ပါတယ်။
“ဒီနေရာတွေက နိုင်ငံခြားသားတိုးရစ်တွေအတွက်ကွ၊ မင်းတို့ ဟိုနား သွားထိုင်ပါ”... တဲ့။
မြန်မာအချင်းချင်း နိုင်ထက်စီးနင်းလုပ်ပြီး မျက်နှာထားတင်းတင်းနဲ့ ပြောဆိုနှင်ထုတ်လိုက်တော့ တူမပျိုတွေက အလွန် ရှက်သွားကြတာပေါ့။ ဘာပြန်ပြောရမှန်းမသိဘဲ ရှက်အန်း အန်းပြီး မှင်သက်နေကြတဲ့အချိန်မှာ မြန်မာစကားအတော်အသင့် နားလည်ပုံရတဲ့ ဥရောပသူ အမျိုးသမီးကြီးက “သူတို့ထိုင်ပါစေကွယ်”လို့ လမ်းညွှန်မြန်မာအမျိုးသမီးကို ပြောလိုက်ပါတယ်တဲ့...။
ကဲ... ကြည့်စမ်းပါအုံးဗျာ၊ မဆီမဆိုင် တိုင်းတပါးသူက ကိုယ်ချင်းစာစိတ်နဲ့ မိမိနဲ့ တတန်းတည်းထားပြီး ကြင်ကြင်နာနာလေး ပြောလိုက်တဲ့စကား.. ။ အဲဒီအဓိပ္ပာယ်လေးတွေပါတဲ့ စကားတစ်ခွန်းကို မြန်မာလမ်းညွှန်ကသာ အသေအချာတွေးပြီး ရှက်တတ်မယ်ဆိုရင် အဲဒီနေရာမှာတင် လဲသေဖို့ ကောင်းမလားမသိ။ အများတကာ ပိုက်ဆံပေး တည်းလို့ရတဲ့ ဟိုတယ်က ကြည့်ချင်ပွဲလေးတစ်ခုမှာ တည်းခိုတဲ့ဧည့်သည်တိုင်း တပြေးညီ ထိုင်ကြည့်လို့ရတဲ့ နေရာလေးကိုတောင် ကိုယ့်အမျိုးတူ၊ တမြေတည်းမွေးတဲ့ လူချင်းအတူတူ တစ်မူးသာပြီး အသားလွတ် အကြောကြီးစိတ်နဲ့ အနိုင်ယူလိုတဲ့ ဒီအမျိုးသမီးရဲ့ စိတ်အခြေအနေကို ခန့်မှန်းနားလည်နေမိပါတယ်။ သူ့မှာ သခင်စိတ် ရှိသလား၊ ကျွန်စိတ်ရှိနေသလား ဆိုတာကိုတော့လည်း မဝေခွဲတတ်သေးပါ။ တချို့သော လူကြီးမင်းများကတော့ 'ကိုလိုနီအမွေဆိုး'ကြောင့်ပါလို့ပဲ ပုဆိုးမဲပြာလုပ်၊ လက်ညှိုးထိုးကြဦးမယ် ထင်ပါရဲ့။ ကိုယ့်အမျိုးသား အချင်းချင်း တစ်ပြားဖိုးရ တစ်ပြားဖိုး၊ တစ်မတ်ဖိုးရ တစ်မတ်ဖိုး နှိမ်ချပြောဆို ဆက်ဆံချင်ကြတာဟာ အမျိုးကောင်းစိတ်ဓာတ်တော့ ဟုတ်မယ်မထင်ပါ။ အဲဒီလို စိတ်ဓာတ်မျိုး လူထုအတွင်းမှာ ဘယ်လောက်အမြစ်တွယ် ကိန်းအောင်းနေပြီလဲ မသိပါ။
အထက်က အဖြစ်အပျက်ဟာ ကျနော်ကိုယ်တိုင် ကြုံတွေ့ခဲ့ရဖူးပြီး စိတ်ထဲ အမှတ်ထင်ထင် ရှိခဲ့ရတဲ့၊ အလွန်တရာ မနှစ်လိုဖွယ် အတွေ့အကြုံတွေထဲက သာဓကလေးတစ်ခုသာ ဖြစ်ပါတယ်။ အဲဒီလို ကိုယ်နဲ့ တမြေတည်း မွေးဖွားကြီးပြင်းလာခဲ့ရသူ အချင်းချင်း နှိပ်ကွပ်၊ နှိမ်ချဆက်ဆံတတ်တဲ့ ဖြစ်စဉ်တွေကတော့ နေ့စဉ်နဲ့အမျှ ပြည်တွင်းပြည်ပ နေရာဒေသအမျိုးမျိုးမှာ အလားတူ ပုံစံကွဲပြားပြီး ဖြစ်ပျက်နေမှာကတော့ အသေအချာပါပဲ။ အမှန်တကယ်ဖြစ်သင့်တာက... နိမ့်ကျနေတဲ့ ကိုယ့်အမျိုးသားအချင်းချင်းကို မြှင့်တင်လက်တွဲခေါ်ဖို့၊ နေရာပေးဖို့ စိတ်ကောင်း စေတနာကောင်းတွေ မွေးမြူကြဖို့ပါ။ မလုပ်ဖူး၊ မစားဖူး၊ မသုံးစွဲဖူးတာတွေကို လုပ်ဖူး၊ စားဖူး၊ သုံးစွဲဖူးရအောင် အတွေ့အကြုံသစ်၊ အတွေးအမြင်သစ်တွေ အချင်းချင်း ဝေမျှသင့်တာပေါ့ဗျာ။ ဗြဟ္မစိုရ်တရားတွေကလည်း စာအုပ်တွေထဲမှာပဲ ကပ်တွယ်နေတယ်ထင်ပါရဲ့... ။ ဒါဆိုရင် အပြင်မှာကော လက်တွေ့ကျင့်သုံးမှုတွေ အလွန်အားနည်းနေရော့လား။ 'လူကြီးမင်းများ' တချို့ကလည်း တခြားသူတွေကိုချည်း လိုက်နာကျင့်သုံးကြဖို့ တိုက်တွန်းနေရုံနဲ့ မပြီးသေးဘဲ၊ ကိုယ်တိုင်လည်း ကျင့်ကြံဖို့ လိုအပ်ပါလိမ့်မယ်။ ပစ္စက္ခ တိုင်းပြည်အနေအထားနဲ့အတူ လူထုကလည်း ရေစုံမျှောပြီး လိုက်မနေသင့်ပါဘူး။ ဒါက ကျနော် ဉာဏ်မီသလောက် အတွေးဝင် စောကြောနေမိတာပါ။ တချိန် အများတောင့်တနေတဲ့ 'ရွှေပြည်တော်ကြီး' ဆိုက်ရောက်လာတဲ့အခါ အဲဒီလို 'အမြီးကျက်အမြီးစား ခေါင်းကျက်ခေါင်းစား၊ ဘယ်သူသေသေ ငတေမာပြီးရော' ဆိုတဲ့ စိတ်ဓာတ်မျိုးတွေနဲ့ သဟဇာတဖြစ်ပါ့မလားလို့ပေါ့။ တိုင်းပြည်အာဏာပိုင်များကလည်း ဒီလိုမျိုးစိတ်ဓာတ်တွေ ‘မပျောက်မပျက်’ရအောင် ထိန်းသိမ်းပျိုးထောင်စဉ်ကာလမှာ ပြည်သူလူထုကလည်း ကိုယ့်အရေးကိုယ် နိုးကြားနေသင့်ပါပြီ။ အဲဒီစိတ်ဓာတ်မျိုးနဲ့ ဆန့်ကျင်ပြီး အမျိုးသားအချင်းချင်း လက်တွဲစောင့်ရှောက်တတ်တဲ့ မြင့်မြတ်တဲ့ စိတ်ဓာတ်အသိတွေနဲ့ နိုင်ငံရေးအမြင်သစ်တွေ နိုးကြားရှင်သန်မွေးမြူရင်း၊ ချွတ်ခြုံကျနေတဲ့ စိတ်ဓာတ်တွေကို မြှင့်တင်နေသင့်ပါပြီလို့လည်း ရိုးသားစွာ အတွေးဝင်နေမိပါတယ်။
ဒါနဲ့တဆက်တည်း ကျနော်တို့တွေ မျှော်လင့်တောင့်တနေကြတဲ့ ‘ရွှေပြည်တော်ကြီး’နဲ့ ထိုက်တန်စေမယ့် လူတွေရဲ့ အကျင့်စရိုက် (Characters) တွေကိုလည်း စဉ်းစားနေမိပါတယ်။ ဒီနေရာမှာ မိတ်ဆွေစာရေးဆရာရဲ့ အင်တာဗျူးဆောင်းပါးထဲက 'Civic-minded' ဆိုတဲ့ စကားလုံးကိုပဲ ပြန်ငှားသုံးချင်ပါတယ်။ ငြိမ်းချမ်းစည်ပင်သာယာမျှတတဲ့ မြို့ ပြကျေးရွာတွေ ပါဝင်တဲ့ လူနေမှုအဆောက်အအုံတွေ၊ လူမှုဝန်းကျင်တွေကို မတိုက်တွန်း မနှိုးဆော်ရဘဲ ပင်ကိုအသိဉာဏ်နဲ့ ညီညီညွတ်ညွတ် တည်ဆောက်အကောင်အထည်ဖော်လိုတဲ့ ယဉ်ကျေးသိမ်မွေ့နူးညံ့တဲ့ အခြေခံဝံသာနု အသိစိတ်တွေကို မြန်မာပြည်ဖွား တစ်ဦးချင်း တစ်ဦးချင်းစီမှာ အတော်အတန် ကိန်းအောင်းနေစေချင်ပါတယ်။ အတိုဆိုရရင် မြန်မာတွေ အားလုံးမှာ Civic-minded ရှိနေစေချင်တာပါပဲ။
အဲဒီ ကောင်းသောအကျင့်စရိုက်တွေဟာ မြန်မာတွေရဲ့ ရင်ထဲ အသည်းထဲမှာ တကယ်အမြဲ စွဲမြဲကိန်းအောင်းပြီး ကျင့်ကြံနေထိုင်ကြရအောင်ကလည်း၊ 'ရွှေပြည်တော်ကြီး'ကိုက မျှော်လေတိုင်း အလှမ်းဝေးနေသေးသကိုး...။ ဒါပေမယ့်လည်း ဘယ်လောက်ဝေးဝေး၊ တနေ့ မလွဲမသွေ ဆိုက်ရောက်လာရမှာမို့၊ မရောက်လာမီ ကာလလေးတခုမှာ၊ အဲဒီ'ရွှေပြည်တော်ကြီး'နဲ့ ဆီလျော်အပ်စပ်ပြီး လူ့ဂုဏ်သိက္ခာရှိစေမယ့် ဆင်ခြင်ဉာဏ်အသိတွေကို မပြတ်တွေးတော ကျင့်ကြံပွားများရင်း ခရီးဆက်ကြရအောင်လားခင်ဗျာ။ ။
(ဧရာဝတီ အင်တာနက် မဂ္ဂဇင်းမှ ပြန်လည်ကူးယူပါသည်။)
(ဤဆောင်းပါးမှ အစပြု၍ စာရေးရန် တိုက်တွန်းအားပေးခဲ့သော မိတ်ဆွေ ကိုထိန်လင်း (စာရေးဆရာ ထိန်လင်း)အား ကျေးဇူးတင်ရှိပါသည်။ သို့သော် ယနေ့အထိ ပုဒ်ရေ လက်ငါးချောင်းပြည့်အောင်ပင် မရေးသားရသေးသည့်အတွက် များစွာ အားတောင့်အားနာဖြစ်မိကြောင်း မိတ်ဆွေကြီးအား သိစေညွှန်းပါသည်။)
Great article, I agree with the author.
ReplyDeleteThank you very much for your nice comment.
ReplyDelete