Skip to main content

ဟော့ဒီက ပဲပြုတ် နူးနူးအိအိကလေး...

ပြည်ပရောက် မြန်မာတွေထဲမယ် ပဲပြုတ် မကြိုက်တဲ့သူ အတော်နည်းမယ်လို့ ပြောရင်၊ သဘောတူမယ့်သူ အတော်များမယ်လို့ ထင်ပါတယ်။




ပဲပြုတ် နူးနူးအိအိကလေးကို ပဲဆီမွှေးမွှေးလေး ဆမ်း၊ ဆားကလေး ဖြူး၊ ထမင်းကြမ်းနဲ့ အဆာပြေ စားမလား.. နံပြားနဲ့ တီးမလား..။ ကောက်ညှင်းပေါင်းနဲ့ လွေးမလား.. မုန့်ဟင်းခါးနဲ့ ဝါးမလား..။ ဒါမှမဟုတ် ဆီပူပူထဲ ကြက်သွန်ဖြူ၊ နနွမ်းမှုန့်၊ ဆား၊ ထမင်းကြမ်းနဲ့ ပဲပြုတ်လေး ထည့်လှိမ့်ပြီး ထမင်းကြော်လုပ် ဆွဲမလား.. အလွယ်တကူ ဝယ်လို့ရတဲ့ ပေါင်မုန့် အဖြူထည်နဲ့ပဲ ပြီးစလွယ် ကြိတ်မလား.. ဘယ်လိုပဲစားစား ပဲပြုတ်ရဲ့ အိဆိမ့်တဲ့ အရသာက စွဲမက်စရာပါ။



မြန်မာပြည်မှာဆို ပဲပြုတ် နွေးနွေးအိအိလေးကို နေ့စဉ် မနက်စောစော လွယ်လွယ် ဝယ်စားလို့ရပေမဲ့၊ ပြည်ပမှာတော့ လွယ်လွယ် မရနိုင်ပါဘူး။ ဝယ်လို့ရခဲ့ရင်လည်း ကြာရှည်ခံအောင် ရေခဲသေတ္တာထဲ အခဲထား သိမ်းပြီး၊ စားခါနီးမှ နွှေးစားလေ့ရှိကြတာပါ။ ဒါကြောင့် အရသာက မြန်မာပြည်မှာလို ကွက်တိ မတူနိုင်ပါဘူး။ ကိုယ်တိုင် ပဲဖောက်ပြီး ပြုတ်မယ်ဆိုရင်တောင် ပြုတ်နည်း မမှန်ရင်၊ ပဲက မအိပဲ ဆတ်တောက်တောက်နဲ့မို့ စားလို့ စိတ်တိုင်းမကျ ဖြစ်ရပြန်ပါတယ်။



ကျနော်ကိုယ်တိုယ်လည်း ချက်နည်းပြုတ်နည်း စာအုပ်မျိုးစုံထဲက နည်းတွေရော၊ ဟိုလူဒီလူတွေ ပေးတဲ့ နည်းစုံတွေနဲ့ပါ နှစ်ပေါင်းကြာမြင့်စွာ စမ်းသပ်လာခဲ့တာ၊ စိတ်တိုင်းမကျနိုင်ပဲ ရှိနေရာက၊ နောက်ဆုံးမှာ လုလုရဲ့ ဘလော့ဂ်က နည်းနဲ့ မိတ်ဆွေတစ်ယောက် တလောကမှ ပေးတဲ့နည်း နှစ်နည်းနဲ့ ကျမှ အဆင်ချောပါတော့တယ်..။ လုလုရဲ့နည်းက ပြုတ်ပြီး ပြန်ပေါင်းရတာမို့ လက်ဝင်ပေမဲ့၊ အကျက်ညီပြီး ပဲလုံးလည်း ပိုလှပါတယ်။ ကျနော့်မိတ်ဆွေရဲ့ နည်းကတော့ အညှောက်ဖောက်ပြီးသား ပဲကို၊ လျှပ်စစ်ထမင်းအိုးထဲ ထမင်းချက်သလို ရေခန်းပြုတ် ချက်ရတာမို့ အလွန်လွယ်ကူလှပါတယ်။ ဒါပေမဲ့ အကျက် နည်းနည်းမညီတတ်သလို၊ ပဲလုံးက လုလုရဲ့နည်းလောက် မလှဘူးလို့ ထင်ပါတယ်။ ဘာဘဲဖြစ်ဖြစ် အလွယ်ချက်ချင်ရင်တော့ အခုရေးပြမဲ့နည်းကို စမ်းကြည့်ပေါ့..။ ကဲ.. ပေရှည်နေပြီဗျာ။ ပဲ စ ဖောက်ကြရအောင်..။



၁။ အလေးချိန် နှစ်ပေါင် (2 lb) ရှိတဲ့ ကုလားပဲလုံး ( Yellow Peas ) တွေကို၊ မုန့်ဖုတ်ဆိုဒါမှုန့် ( Baking Soda ) လဘက်ရည်ဖျော်ဇွန်း တစ်ဇွန်းစာ ( 1 Teaspoonful ) နဲ့ ရေများများရောပြီး ၈ နာရီလောက် စိမ်လိုက်ပါ။ (၁၀နာရီလောက် အထိလည်း စိမ်လို့ ရပါတယ်) စစချင်း စိမ်တဲ့အခါ ရေက ပဲလုံးမျက်နှာပြင် အထက် လက် လေးငါးတစ်လောက် အနည်းဆုံးရှိရပါမယ်..။







၈ နာရီလောက် စိမ်ပြီးရင် ရေ နှစ်ထပ်လောက်ဆေး၊ ဆန်ခါနဲ့ စစ်ထားပါ။ အညှောက်မရှိတဲ့ ပဲပြုတ်ဘဲ အလွယ် အမြန်စားချင်တယ်ဆိုရင် အခုလို ဆိုဒါ ရေနဲ့ တစ်ညစိမ်ပြီးတာနဲ့ ချက်လို့ရနေပါပြီ..။ (ဒါဆို အမှတ်စဉ် ၂ ကို ကျော်ဖတ်ပါ။)

အဲ.. အညှောက်ကလေးနဲ့မှ ကဗျာဆန်ဆန် စားချင်တယ်ဆိုရင်တော့..

ချည် စွပ်ကျယ်သား (သို့) တီရှပ်လို ပိတ်စမျိုးကို ရေ စိုစိုစွတ်ပြီး၊ ဆန်ခါထဲက ပဲလုံးတွေအပေါ် ဖြန့်အုပ်လိုက်ပါ။ ဒါမှမဟုတ် တီရှပ်ကိုယ်ထည်ကို တစ်ဖက်ပွင့်အိတ်လိုလုပ်၊ ပဲလုံးတွေကို ထည့်ထုပ်ပြီး ရေစိုစို စွတ်လိုက်ရင်လည်း ဖြစ်ပါတယ်။ တစ်ရက်ခွဲကနေ နှစ်ရက်အထိ အဝတ် စိုဖန့်ဖန့်နဲ့ အဲ့ဒီအတိုင်းထားပါ။ အဝတ် စိုဖန့်ဖန့်ဖြစ်နေဖို့ ရေခဏ ခဏ ဖျန်းပေးစရာ မလိုပါဘူး။ တစ်ရက် ၂ကြိမ် (သို့) ၁၂ နာရီခြား တစ်ခါလောက် အဝတ်စပေါ် ရေစိုစို ဖျန်းတောက်ပေးရင် လုံလောက်ပါပြီ။ ရေခဏ ခဏ ဖျန်းရင်၊ အောက်ဖက်ရောက်နေတဲ့ ပဲလုံးတွေ ရေဝပ်ပြီး ပုပ်ကုန်တတ်ပါတယ်။ တစ်ရက်လောက် ကြာရင် ပဲလုံးတွေမှာ အညှောက်စို့စို့လေးတွေ စထွက်တာ တွေ့ရလိမ့်မယ်။ ဒါဆိုရင် ကိုယ်ဖောက်တဲ့ ပဲ အဆင်ချောဖို့ သေချာနေပြီပေါ့။ အညှောက်ရှည်ရှည် ကြိုက်တတ်ရင် နှစ်ရက်၊ အနေတော်ဆို တစ်ရက်ခွဲလောက် စောင့်ရင် ရပါပြီ။ ကိုယ့်စိတ်ကြိုက် ပဲညှောက်အရှည် ရပြီဆိုရင် ပြုတ်ဖို့ အဆင်သင့်ဖြစ်ပြီပေါ့။


ဆိုဒါနဲ့ တစ်ည စိမ်ပြီးသားပဲတွေကို အခုလို ရေစိုအဝတ်နဲ့ အုပ်ထားရင်.. အညှောက်ထွက်လာမယ်..။

တစ်ရက်သား အညှောက် ----- တစ်ရက်ခွဲသား ----------- နှစ်ရက်သား

၂။ ဆိုဒါ ရေနဲ့ တစ်ညစိမ်ထားတဲ့ ပဲရိုးရိုး (ဒါမှမဟုတ်) အညှောက်ဖောက်ပြီးသား ပဲတွေကို ရေဆေးပြီး၊ ("ဆန်ဆယ်လုံးဆံ့") လျှပ်စစ်ထမင်းအိုးထဲ ရေမပါဘဲ ထည့်ထားပါ။

ဇလုံတစ်ခုထဲကို (ထမင်းအိုးနဲ့ တွဲပါလာတဲ့) ၆-အောင်စ ပလတ်စတစ် ဆန်ချိန်ခွက် (6 oz measuring cup) ငါးခွက်စာ (ပဲအပြုတ်ခံတဲ့ပေါ်မူတည်ပြီး ၆ ခွက်အထိ) ရေထည့်ပါ။ အဲဒီ ရေထဲကို...

(က)
'သကြားအညိုရင့်ရင့်' (Dark Brown Sugar) လဘက်ရည်ဖျော်ဇွန်း ၁၂-ဇွန်း ( ပဲပြုတ်အရောင် လှစေဖို့ပါ။ ပဲအချိုလည်း ပိုလေးစေတာပေါ့..။ အညာထန်းလျက် ညိုညိုမည်းမည်း အကြမ်းကို အရည်ဖျော် သုံးနိုင်ရင် အရောင် ပိုလှစေပါလိမ့်မယ်။ ထန်းလျက်သုံးမယ်ဆို ရေအသင့်အတင့်နဲ့ ကြိုပြီး  အမှိုက်သလဲကင်းစင်အောင် စစ်၊ အအေးခံပြီးမှ သုံးပါ။ ထန်းလျက်ရည် သုံးမယ်ဆိုရင်  မူလရေခွက်ချိန် ၆ခွက်စာထက် မများစေဖို့လည်း သတိပြုပါ။ )

(ခ) 'ပြာရည်'လို့ခေါ်တဲ့ (Potassium Carbonate & Sodium Bi-Carbonate Solution) အရည် လဘက်ရည်ဖျော်ဇွန်း နှစ်ဇွန်းစာ ထည့်ပြီး ('သားစိုး'လို) 'ရောသမမွှေလေး' လုပ်ပေးပါ။ ( မှတ်ချက် ။ ။ ပြာရည် မရှိရင် မုန့်ဖုတ်ဆိုဒါမှုန့်ကိုပဲ လဘက်ရည်ဖျော်ဇွန်း  တစ်ဇွန်းစာလောက် အစားထည့်ပါ။ ပြာရည်၊ ဆိုဒါမှုန့်များရင် ခါးပြီး ပဲပြုတ်အရသာ ပျက်တတ်ကြောင်းလည်း အထူးသတိပြုပါ။)

ပြီးရင် အဲဒီ သမရည်ကို လျှပ်စစ်ထမင်းအိုးထဲက ပဲလုံးတွေပေါ် ဖြန့်လောင်းလိုက်ပါ။ ( မှတ်ချက် ။ ထည့်လိုက်တဲ့ သမရည်က ပဲ တဝက်သာသာလောက်ဘဲ မြုပ်နေပါလိမ့်မယ်။ အဲဒီလို ရေစပ်စပ် ရေနည်းနည်းနဲ့ဘဲ ချက်ရမှာပါ..)

(ဂ) 'ပဲဆီ'  သံလွင်ဆီ (Olive Oil)၊ အခြားစားသုံးဆီ တမျိုးမျိုး ဟင်းချိုသောက်ဇွန်း ၂ ဇွန်း ၃ဇွန်းလောက် အပေါ်ကဆမ်းပြီး ခလုတ်နှိပ် ချက်လိုက်ပေတော့..။ ( မှတ်ချက်ဆီထည့်ရင် ရေဆူတဲ့အခါ မဝေကျစေဘူး။ ဒါကြောင့် ဆီထည့်ဖို့ လုံးဝမမေ့ပါနဲ့။)

အထူးသတိထားရမှာက - ရေဆူပွက်နေတုန်း အဖုံး လုံးဝ (လုံးဝ) မဖွင့်ပါနဲ့ (ကျက်အားပေးမယ့် အငွေ့ လျော့သွားလိမ့်မယ်..)။ ဆူပြီး လျှံကျလာမဲ့ ရေတွေကို သုတ်ရုံကလွဲလို့၊ အဖုံးဖွင့်ပြီး မွှေဖို့ မကြိုးစားပါနဲ့ (ပဲလုံးလေးတွေခမျာ ဝတ်လစ်စားလစ် ဖြစ်သွားလိမ့်မယ်..)။ ခလုတ် တက်တက်ချင်းမှာလည်း အဖုံး ချက်ချင်း မဖွင့်ပါနဲ့ဦး (ပဲပြုတ်ရဲ့ စိုထိုင်းမှုနဲ့ နူးအိမှု လျော့နည်း ပျောက်ဆုံး သွားလိမ့်မယ်..)။ ခလုတ်တက်ပြီး ၁၀ မိနစ်လောက် ကြာမှ ပလပ်ခေါင်းဖြုတ်၊ အငွေ့လုံလုံနဲ့ နောက်ထပ် ၁၀မိနစ်လောက် ဆက်နှပ်ပြီးမှ အဖုံးဖွင့် ချွေးခါပေးပါ။ အဲ့ဒီတော့မှ ပဲတွေကို အထက်အောက် အသာအယာ ဖွဖွလေး ရောမွှေပြီးရင် ပဲပြုတ် နူးနူးအိအိကလေး ရပြီပေါ့ဗျာ..။


တထိုင်ထဲ စားလို့ မကုန်တဲ့ ပဲပြုတ်တွေကို၊ အေးသွားတဲ့အခါ sandwich ပလတ်စတစ် အိတ်လေးတွေထဲ တခါစားစာ ထည့်ပြီး၊ ရေခဲသေတ္တာ အခဲခန်းမှာ သိမ်းထားပေါ့..။ ကဲ စမ်းကြည့်ကြပါဦး..။ ( အပန်းမကြီးရင် ပဲပြုတ် စ်မဖြစ် အဆင်ပြေမပြေ အကြံပြု ဆွေးနွေးချက် မှတ်ချက်လေးတွေ ပြန်လာရေးပေးဖို့ ဖိတ်ခေါ်ပါရစေ။ )

Comments

  1. Great! recipe ကို ယူသွားပြီ။ မိန်းမကို လက်ဆင့်ကမ်းပေးလိုက်တယ်။ လက်ဖက်နှပ်နည်းလေး ပေးပါအုံးတဲ့။
    စောင့်နေမယ်နော်။

    ကိုကျော်

    ReplyDelete
  2. အချက်အပြုတ်တော်တဲ့ တူမတစ်ယောက်ဆီ ဒီနေ့ပဲ ဖုန်းဆက်မေးပြီး ရလာတဲ့နည်းလေးကို ပြန်လက်ဆင့် ကမ်းပေးလိုက်ပါတယ် ကိုကျော်ကျော်.. လက်ဖက်နှပ်လို့ နပ်ရင်လည်း ခေါ်ဖို့ မမေ့နဲ့ဦး..။
    ဝယ်ကတည်းက မနှပ်ထားတဲ့ လက်ဖက်သားရိုးရိုး အကြမ်းထည်ကို ဆားများများနဲ့ နာနာလေး နယ်ပေးပါ။ ပြီးရင် ရေဆေးပစ်ပါ (ရေရောပြီး အဖန် နဲ့ အငန်ရည်ကို သွန်ပစ်ပါ။ လက်ဖက်သားထဲက ရေတွေကိုလည်း ညှစ်ပစ်ပါ။)။ အဖန်ကြောက်ရင် လက်ဖက်ကို နောက်တစ်ကြိမ် ဆားနဲ့ နာနာထပ်နယ်၊ ရေထပ်ဆေးပြီး ညှစ်ပစ်ပါ..။ ပြီးရင် အဲ့ဒီလက်ဖက်ကို ရေခြောက်အောင် ဆန်ခါတစ်ခုထဲမှာ ဖြန့်ထားပါ..။ (နှပ်ထားတဲ့ လက်ဖက် မှိုမတက်ပဲ ကြာကြာခံအောင်လို့ပါ..။ ရေခြောက်ဖို့ တစ်ရက်လောက် စောင့်ရပါလိမ့်မယ်။ လက်ဖက်ကို လနဲ့ချီပြီး သိမ်းထားမယ်လို့ မရည်ရွယ်ရင်..ရေခြောက်အောင် စောင့်စရာ မလိုပါဘူး..။)
    နှပ်မဲ့ လက်ဖက် အတိုင်းအဆပေါ် မူတည်ပြီး၊ ငရုတ်သီးစိမ်းနဲ့ ကြက်သွန်ဖြူ အစိမ်းလိုက် အနေတော်(လက်ဖက်ရဲ့ ၅-၁၀%(သို့)မိမိနှစ်သက်သလောက်) ညက်ညက်လေး ထောင်းလိုက်ပါ။ ပြီးရင် ဆေးထားတဲ့ လက်ဖက်နဲ့ နှံ့နှံ့လေး ရောနယ်လိုက်ပါ။ ဒါဆို လက်ဖက်နှပ်ဖို့ အဆင်သင့်ဖြစ်ပါပြီဗျာ..။
    အဖုံးရှိ ပုလင်းလွတ် (သို့) ပန်းကန်လုံးအသေး တစ်လုံးထဲကို ဆီပါးပါးတစ်လွှာ လောင်းထည့်လိုက်ပါ။ ပြီးရင် နယ်ထားတဲ့ လက်ဖက် တဝက်ထည့်၊ ဆီတစ်လွှာလောင်း..၊ ကျန်တဝက် ထပ်ထည့် ဆီတစ်လွှာလောင်းပြီးရင် အဖုံးပိတ် နှပ်ထားပေတော့..။ ၃-၄ နာရီလောက် နှပ်ပြီးရင် စားလို့ ရပါပြီ..။ ဒါပေမယ့် တစ်ရက် နှစ်ရက်လောက် နှပ်ပြီးမှ စားရင်တော့ အရသာ ပိုရှိတာပေါ့..။

    ReplyDelete
  3. Yellow Pea နဲ့ Yellow bean တူတူပါပဲလားဗျို့

    ReplyDelete
  4. နွေဦးလွင်ပြင်November 13, 2009 9:44 PM

    မတူပါဘူးခင်ဗျား..။ bean: refers to many kinds of pod-bearing plants or their seeds. pea: refers to round green seeds which grow in pods. bean ကို အတောင့်လိုက်သီးသော သီးပင်နှင့် ယင်းအသီးတောင့်တွင်းရှိ အစေ့ကိုခေါ်သည်။ pea ကို ရွှေပဲကဲ့သို့ အတောင့်လိုက်သီးသော လုံးဝန်းသော အစိမ်းရောင်အသီးကို ခေါ်သည်။...လို့ ကုန်သွယ်ရေးဝန်ကြီးဌာန စာရေးကိရိယာ၊ ပုံနှိပ်နှင့် ဓာတ်ပုံပစ္စည်း ရောင်းဝယ်ရေးက ၁၉၉၃ ခု၊ ဒီဇင်ဘာလမှာ ပထမအကြိမ် ထုတ်ဝေတဲ့ ကျောင်းသားသုံး အင်္ဂလိပ်-အင်္ဂလိပ်/မြန်မာ အဘိဓာန်မှာ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။

    ReplyDelete
  5. ဟုတ်ပဟုတ်ပ။ ခုတော့မတူမှန်းသိသွားပြီ။ တလွဲဖြစ်သွားတာကိုး ဟီးဟီး

    ReplyDelete
  6. ကျေးဇူးတင်ပါတယ်.
    ပေါင်းအိုးသုံးပြုတ်တာ အရမ်းမြန်ပါတယ်.
    ခုမှပဲ ပဲပြုတ် ဝ ဝ စားရတော့တယ်..
    ရှလွတ်..ဂွတ်..

    ReplyDelete
  7. @Jin Mau Ko
    ကွန်းမင့်အတွက် ကျေးဇူး အထူးတင်ပါတယ်..။ ဂွတ်တယ်ဆိုလို့လည်း အချိန်ကုန်ခံ ရေးရကျိုးနပ်တယ်ဆိုပြီး ဝမ်းသာကျေနပ်မိတယ်..။ ကျနော့်နည်းလေး ဘလော့ပေါ်မှာ လေနေတယ်လို့ထင်နေတာ..၊ ခုတော့ အသုံးပြုသူ ၃ ဦးတိတိရှိသွားပါပြီကော..။ Anyone else? Any suggestion?

    ReplyDelete
  8. i am going to try that too.thanks for the recipe.i ve been looking for it everywhere.

    ReplyDelete
  9. @nu
    ဟုတ်ကဲ့ စမ်းကြည့်ပါ။ အလွန်လွယ်ပါတယ်။ ပဲအမျိုးအစားပေါ် ကွာခြားပြီး ရေအနည်းအများပဲ လိုတိုး ပိုလျော့လေး လုပ်ရပါမယ်။ တစ်ခါ နှစ်ခါလောက် စမ်းကြည့်ပြီးရင် ထမင်းချက်သလိုမျိုး လွယ်ကူတယ်လို့ ထင်လာပါလိမ့်မယ်။

    ReplyDelete
  10. အရမ်းကိုကျေးဇူးတင်ပါတယ်နော်.....ပဲပြုတ်ဆိုတာရမှ....ပဲပြုတ်ထမင်းကြော်...ပဲပြုတ်နံပြားတို.ဆိုတာ....စားရမှာလေ....

    ReplyDelete
  11. ok ယူသွားပြီးနော်။ပြန်စမ်းကြည့်လိုက်ဦးမယ်။ပဲပြုတ်တော့ စားရချည်သေးရဲ့။ရှလွတ်

    ReplyDelete
  12. thanks a zillion! will try it next week!

    ReplyDelete
  13. Yu Ko & Anonymous: အပန်းမကြီးရင် ပဲပြုတ် ဖြစ်မဖြစ် အဆင်ပြေမပြေ အကြံပြု ဆွေးနွေးချက် မှတ်ချက်လေးတွေ ပြန်လာရေးပေးကြပါဦးလား။ ဘာအခက်အခဲရှိတယ်ဆိုတာ ဒါမှ တခြားသူတွေလည်း သိနိုင်မှာလေ။ ကျေးဇူးပါ။

    ReplyDelete
  14. Thx alot! i will go n buy yellow peas tomoro n try.

    ReplyDelete
  15. ကျွန်တော်လဲ ဒီနည်းကို စမ်းပါတယ်... ၂ ခါပြုတ်တာ ပထမတခါတော့ အိုးတူးပြီး ပဲက နည်းနည်းမာဆတ်ဆတ် ဖြစ်သွားတယ်... စားလို့တော့ရပါတယ်... အခုတခါတော့ ပြုတ်ထားတုန်း... ဘာဆက်ဖြစ်မလဲ မသိ... ကောင်းကောင်းမွန်မွန်တော့ မစားရသေးဘူး... ဒီလောက်ဖြစ်တာကိုပဲ ကျေးဇူးတင်လှပါပြီ...

    ReplyDelete
  16. လျှပ်စစ်အိုးနဲ့ ချက်တာ အိုးတူးသွားသလား။ နောက်တခါချက်ရင် ရေနည်းနည်း ပိုထည့်ကြည့်ပါ။ ဆီ နည်းနည်းထည့်ဖို့ မမေ့ပါနဲ့။ သုံးတဲ့ပဲ တခါနဲ့ တခါ မတူရင် ရေအတိုးအလျော့လုပ်ပြီး စမ်းသပ်ရတာပါပဲ။ ကျနော်ကိုယ်တိုင်လည်း သုံးတဲ့ပဲ မတူလို့ တခါတခါ မာဆတ်ဆတ်ဖြစ်သွားတတ်ပါတယ်။ အဲ့ဒီအခါ pressure cooker ထဲထည့်ပြီး(ပဲအမာအဆတ်ပေါ်မူတည်ပြီး)ရေ ဆန်ချိန်ခွက် ၁လုံး-၂လုံးလောက်နဲ့ မီးဖိုပေါ်တင်ပြီး မိနစ် ၂၀-၃၀လောက် ထပ်ချက်လိုက်ရပါတယ်။ အိုးမတူးအောင်တော့ သတိထားရတာပေါ့။ မကြာမကြာချက်စားရင်တော့ ရေအချိန်အဆ ပိုကျွမ်းကျင် လာမှာပါ။ ခုလို တကူးတက မှတ်ချက် ပြန်လာရေးပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်ခင်ဗျား။ အခြား စမ်းချက်ချင်သူတွေအတွက် တွန်းအားဖြစ်စေတာပေါ့။

    ReplyDelete
  17. (ကျွန်တော်လဲ ဒီနည်းကို စမ်းပါတယ်... ၂ ခါပြုတ်တာ ပထမတခါတော့ အိုးတူးပြီး ပဲက နည်းနည်းမာဆတ်ဆတ် ဖြစ်သွားတယ်... စားလို့တော့ရပါတယ်... အခုတခါတော့ ပြုတ်ထားတုန်း... ဘာဆက်ဖြစ်မလဲ မသိ... ကောင်းကောင်းမွန်မွန်တော့ မစားရသေးဘူး... ဒီလောက်ဖြစ်တာကိုပဲ ကျေးဇူးတင်လှပါပြီ...) အဲဒီကအဆက်ပါ ... ဒီတခါတော့ ကောင်းကောင်းမွန်မွန်ဖြစ်သွားပါပြီ... အခု အများကြီးစိမ်ထားတယ်... ပထမ (၂) ခါတုန်းက အညှောင့်မဖောက်လိုက်ရဘူး... စမ်းချင်ဇောနဲ့ ... အခုတော့ အေးအေးဆေးဆေး စတိုင်ကျကျ အညှောင့်ဖောက်ပြီး စားတော့မယ်... စိမ်ထားတာ အညှောင့်တွေကတော့ ထွက်လာကြပြီ... အခုလို သိထားတာလေးတွေကို မျှဝေပေးတဲ့ ဘလော့ဂ် ပိုင်ရှင်ကို ကျေးဇူးတင်ပါတယ်... အခုမှပဲ ပဲပြုတ်စားရတော့တယ်... :)

    ReplyDelete
  18. ရေထဲ့တာက ပြုတ်မဲ့ပဲ အပေါ်မှာ လက်တစ်ဆစ်နီးပါးလောက် ထည့်မှ ကျွန်တော့်ပဲက အဆင်ပြေပါတယ်... ရေစပ်စပ်နဲ့ဆို မာဆတ်ဆတ်ဖြစ်သွားလို့ပါ...

    ReplyDelete
  19. ဟုတ်တယ်.. တချို့ပဲက ကြာကြာပြုတ်မှ နူးတတ်တာဆိုတော့ ရေပိုထည့်ရပါတယ်။ တချို့ပဲကျတော့ အပြုတ်မခံလို့ ရေနည်းနည်းဘဲလိုပါတယ်။ (လူတွေလိုပေါ့ဗျာ..) ဒါကြောင့် ပဲပေါ်မူတည်ပြီး ရေအတိုးအလျော့ စမ်းသပ်ဖို့ လိုပါတယ်။ ပဲတိုင်းကို လှေနံဓားထစ် သတ်မှတ်လို့ မရပါဘူး။ ကျနော်လည်း အမြန်စားချင်ရင် အညှောက် ဖောက်မနေတော့ပါဘူး။ အရသာ မကွာလှပါဘူး။ အဟာရဖြစ်မှုမှာ ကွာမယ်လို့ ထင်ပါတယ်။ အညှောက်နဲ့ဆို အမြင်လှတာပေါ့။

    ReplyDelete
  20. ကျေးဇူးပဲ အကိုရေ ပဲကအညှောက်တော့ ထွက်လာ
    ပြီ ပြုတ်ပြီးရင် ပြောမယ်နော်

    ReplyDelete
  21. ကွန်းမင့်(မှတ်ချက်)အတွက် ကျေးဇူးပါ။ ပဲပြုတ်တဲ့အခါ ကြုံတတ်တဲ့ အခက်အခဲတွေအတွက် အပေါ်က မှတ်ချက်တွေကိုလည်း ဖတ်စေချင်ပါတယ်။ တခါထဲနဲ့ အဆင်မချောရင်လည်း စိတ်မပျက်စေလိုပါ။ ကံကောင်းပါစေ။

    ReplyDelete
    Replies
    1. ပဲတွေပုပ်ကုန်တယ်

      Delete
  22. တ၀တ်ပြုတ်ထားတယ် အကိုရေ
    ပဲ 0.5lb ကို ရေ 3 လုံး၊ သကြားအညိုရင့်ရင့် 6 ဇွန်း ၊ baking powder 1/6ဇွန်း ၊ဆီ 3ဇွန်း နဲ့ 
    ဘုရားတပြီး စောင့်နေ လိုက်တော့မယ်

    ReplyDelete
  23. ပဲက ပေါင်(lb)ဝက်ပဲဆိုတော့ ရေနည်းနည်း များသွားပြီနဲ့ တူတယ် ညီမရေ။ ပဲတွေ ပြဲသွားမလား မသိဘူး။

    ReplyDelete
  24. ပဲတွေကလေ ပျော့ပြဲတာတွေကပျော့ပြဲ မာတာတွေကမာ နူးတာတွေကနူး ရွာပျက်နေပြီ ကို့ဆရာရေ ယူပါကယ်ပါအုန်း

    ReplyDelete
  25. @ Chan Chan: ဘယ်နှစ်ကြိမ်လောက် စမ်းပြုတ်ပြီးပြီလဲ။ အညွှန်းအတိုင်း အတိအကျထည့်ရဲ့လား မသိဘူး။ တကြိမ်ထဲနဲ့ မဖြစ်ရင် အားမလျော့ဘဲ နောက်တကြိမ်လောက် ထပ်စမ်းကြည့်ပါဦး။ စားဆိုဒါကို တနေရာထဲ စုမနေစေဘဲ ရေထဲ အနှံ့ပျော်ဝင်စေဖို့လိုပါတယ်။ အပေါ်က ကွန်းမင့်တွေကိုလဲ ဖတ်ကြည့်ပါဦး..။

    ReplyDelete
  26. ကျေးဇူးတင်ပါတယ်ဗျာ။

    ReplyDelete
  27. ကျနော့ပဲကတော့ရေစိမ်တာ 8နာရီလောက်နဲ့တင် အစို့လေးတွေထွက်လာတယ်ဗျ။အခွန်ကိုတော့ဖောက်ထွက်မလာသေးပါဘူး။
    ပဲကိုဖျစ်ကြည့်တာလေ။

    ReplyDelete
  28. @ thawthar: ကွန်းမင့်အတွက် ကျေးဇူးပါ..။ ပဲပြုတ်ဖြစ်ရဲ့လား ခင်ဗျ..။

    ReplyDelete
  29. ပဲကိုအညှောက်ဖောက်တဲ့အခါပုပ်စော်မနံအောင်ဘယ်လိုလုပ်ရမလဲဆိုတာကျေးဇူးပြုပြီးပြောပြပေးပါ။

    ReplyDelete
    Replies
    1. ဒါ(ပုပ်ရတဲ့ အကြောင်းရင်း)ကို စဉ်းစားနေတာ ကြာပါပြီ။ ဟိုတလောကမှ မိတ်ဆွေတယောက်လည်း ပဲတွေပုပ်ကုန်တယ်ဆိုလို့ မေးကြည့်တော့ ရေ ခဏခဏဖြန်းတယ်လို့ ပြောပါတယ်။ တကယ်ဆို ရေအမြဲ စိုစွတ်နေအောင် ခဏခဏ ဖြန်းပေးစရာမလိုပါဘူး..။ အဝတ်စိုလေးအုပ်ထားပြီး အဝတ်ခြောက်သွားမှသာ တနေ့ ၂ ခါ (၁၀ နာရီခြား တခါပဲ) ဖြန်းသင့်ပါတယ်။

      Delete
    2. Thank you very much for your reply. I will try to do that and let you know the result. :)

      Delete
  30. yellow peas နဲ့ soybean လုပ်တဲ့ ပဲတူတူပဲလား သိချင်လို့ပါ..soybean ပဲကို yellow bean ဆိုပြီး ကပ်ထားလို့ ..ဝယ်လာခဲ့တယ်..လုပ်လို့ ရလားသိချင်ပါတယ်..

    ReplyDelete
    Replies
    1. Yellow peas နဲ့ soybeans မတူပါ။ soybeans က ပဲပြားနဲ့ ပဲနို့ရည်လုပ်တဲ့အခါမှာ သုံးပါတယ်..။ ပဲပြုတ်ဖောက်လို့ ရမယ် မထင်ပါ..။

      Delete
  31. ဒီနည်းအတိုင်ပြုတ်ကြည့်တာ တော်တော်အဆင်ပြေပါတယ်။ ဒီတိုင်းအိုးနဲ့ ပြုတ်တော့လည်း အခွံတွေတအားထွက်လာလို့ ဖယ်ရတာ လက်တညောင်းပါဘဲ။ pressure cooker နဲ့တိုတော့လည်း ပထမတခါ မာဆတ်ဆတ်၊ နောက်တခါ ပြဲပျော့သွားနဲ့ ကျွန်မလည်း ဒီရောက်မှ ပဲပြုတ်စမ်းတာ ၅ကြိမ်မြောက်မှာ ဒီနည်းလေးနဲ့ အောင်မြင်သွားတယ်။ ကျေးဇူးတင်ပါတယ်။ ဟုတ်တယ် ပဲကလည်း လာတဲ့နိုင်ငံပေါ်မူတည်သေးတယ်နော်။ ကျွန်မကတော့ ကနေဒါကလာတဲ့ပဲကိုသုံးတယ်။ သူတော်တော်ကောင်းတယ်။
    ဒါပေမဲ့ ပဲပြုတ်တိုင်း လျှပ်စစ်ထမင်းပေါင်းအိုးမှာ အောက်ခြေအလွှာက ကပ်ကပ်ပြီး ကျန်ခဲ့လို့ ကျွန်မမှာ နှမြေပြီး ရေဆေးပြီး ပြန်စားရတယ်။ အဲဒါသကြားနဲနဲလျှော့ထဲ့တယ်။ ဒါပေမယ့် ကပ်တုံးဘဲ မကပ်အောင်ဘယ်လိုလုပ်ရမလဲ အကြံပေးပါအုံးနော်။
    ကျေးဇူး

    ReplyDelete
    Replies
    1. အဆင်ပြေတယ်ဆိုလို့ ဝမ်းသာပါတယ် မမူရာ။ ပဲပြုတ် ပြုတ်ရတဲ့ "သုခ"အတွေ့အကြုံတွေကို ဝေမျှတာလည်း ကျေးဇူးအရမ်းတင်ပါတယ်။ ကျနော်လည်း ဒီလိုကြုံခဲ့ရတာပါပဲ..။ အခုထိတောင်..ကြုံနေရတာပါ.. ပဲလုံးအရွယ် အကြီးအသေး တခါနဲ့တခါ မတူလို့ မာတာ ပျော့တာ ရှိနေတုန်းပါပဲဗျာ။ ပျော့သွားရင် ဘာမှကို ပြန်ပြင်လို့ မရတော့ဘူးလေ။ အဲဒီအခါကျတော့ ပြဲပြုတ်ပေါ့ :)။ မာနေရင်တော့ ဇွဲမလျော့ပဲ အဝတ်နဲ့ ပြန်ထုတ်၊ အိုးထဲမှာ သစ်သားစကာ(ဇကာ)လေးခံပြီး ၁နာရီလောက် အငွေ့နဲ့ ပြန်ပေါင်းလိုက်တယ်။ professional လုပ်စားကြတာမဟုတ်တော့လည်း ပျော်စရာ အတွေ့အကြုံတခုလို့ သတ်မှတ်လိုက်တာပေါ့။ :D
      အိုးအောက်ခြေမှာ မကပ်ရအောင်. ပဲ စပြုတ်ကတည်းက ဆီထည့်ရဲ့လား..။ နောက်ပြီး ပဲလုံးတွေ(နှပ်ပြီးလို့)သိပ်မအေးခင်မှာ သွန်ချပြီး ခူးခပ်ထားရင်ကော အကပ် သက်သာမယ်ထင်တယ်။ အခုနောက်ပိုင်း လျှပ်စစ်ထမင်းပေါင်းအိုးက non-sticker အိုးတွေရှိတယ်။ ရှာသုံးကြည့်ပါလား။

      Delete
  32. ကို ????? ရေ။
    ဟုတ်ပါတယ်။ ကျွန်မကလည်း ဗမာပြည်မှာနေတုံးကတော့ ဗမာထမင်းဟင်းကို အမေ့လက်ရာမှီအောင်ချက်နိုင်လို့ သူငယ်ချင်းများရဲ့ ချီးကြူးတာခံရပါတယ်။ ဗမာမုန့်မုန့်မျိုးစုံကိုလည်း အရမ်းကြိုက်တယ်။ ဒါပေမဲ့ အများကြီးကိုမလုပ်တတ်ပါဘူး။ ကောက်ညှင်းပေါင်း ဆီထမင်းဆိုရင် ပဲပြုတ်လေးရယ် ပဲဆီလေးရယ်ဆမ်းပြီး လုံးလုံးပြီးစားရတာကို ကြိုက်မှကြိုက်ဘဲ။ ကောက်ညှင်းပေါင်း ဆီထမင်းတိုးတာကတော့ ရှယ်လုပ်တတ်တော့ ကျွန်မ ဒီကိုလာခါနီးမှာ(new york မှာ နေပါတယ်) လဲ ပဲပြုတ်သည်ဆီက လုပ်နည်းကို မေးခဲ့ပါသေးတယ်။ ဒိရောက်တော့ လုပ်တာဘဲ။ အစောက ပြေခဲ့သလို အတွေ့အကြုံတွေနဲ့ပေါ့။ ဒါပေမဲ့ကျွန်မကလည်း ခင်ပွန်းသည်ကလည်းကြိုက်တာဆိုတော့ ကြိုးစားလုပ်ရင်းနဲ့ ဒီစာရေးသူ blog ကို စင်ကာပူက တူမလေးကပေးလို့ ၀င်ကြည့်ရင်းနဲ့ အတင်ပြေသွားရတာလေ။ ကျေးဇူးတင်ပါတယ်။ ရီစရာပြောရအုံးမယ်။ ကျွန်မအမျိုးသားတူရဲ့ မိန်းမက ပဲမှားပြီး soy bean ကို ရေစိမ်မိလို့ ပဲပင်ပေါက်တွေကို အမုန်းစားလိုက်ရတယ်တဲ့ (ဟားဟား) အခုတော့ ကျွန်မက ဆရာမကြီးလုပ်ပြီးနည်းပေးလိုက်တာ အိုကေမှာ စိုပြေနေရော။ အခုကျွန်မက ပဲ ၂ပေါင်ကို တပတ်တခါပြုတ်ရတယ်လေ။ ခင်ပွန်းက နေ့တိုင်း wheat bread ကို toast လုပ်ပြီး ပဲပြုတ်ယိုသုတ် (ကျွန်မကပဲကို နဲ့ ပြန်နွှေးပြီး ဆားလေး ဆီလေးထဲ့ပြီး ဖိလိုက်တာလေ။) နေ့တိုင်းစားတာလေ။ ကျွန်မကလည်း တခါတလေ အီကြာကွေး - ပလာတာ- ဆီထမင်းတို့နဲ့ စားတယ်လေ။ ကျွန်မပဲပြုတ်ရင် ဆီလည်းထည့်ပါတယ်။ အညှေင့်ပေါက်အောင်လည်းထားတယ်။ ကို ??? ရေ ဗမာမုန့်ဘာတွေလုပ်တတ်လဲဟင်။ ကျွန်မကို ဝေမျှအုံးနော်။
    ဟုတ်ကဲ့ အခုလို blog တွေပေါ်လာတော့ မိတ်တွေတွေလည်းတိုးတာပေါ့။ အခြား ဟင်းချက် blog တွေလည်းကျွန်မကြည့်ပါတယ်။
    အော် ကို ??? ရဲ့ ထဲမှာတွေ့တဲ့ တွေဆောက်ထားတဲ့ ကျောင်းကသိပ်အားရစရာပါ။ ကျွန်မလည်း Cambodia, Phnom Penh နဲ့ Ankorwat ရောက်တုံးက အဲဒီလိုပုံစံကျောင်းတွေတွေ့ခဲ့ရတယ်။ သူတို့တွေကလည်း ဗုဓဘာသာကို သိပ်ကိုင်းရှိုင်းကြတာလေ။
    ကျွန်မက ယ ပလက်နဲ့ ယာတဲ့ မူယာ (ခင်မူယာစိုး)ပါနော် :)
    ကဲ ကျွန်မရဲ့ ကဘောက်ကသောက်စာကို အချိန်ပေးဖတ်လို့ ကျေးဇူးတင်ပါတယ်နော်။
    ညနေစာ သဘောင်္သီး အစုံသုတ်၊ ဟင်းခါးလေးနဲ့ ခင်ပွန်းသည်ကို တွတ်တွတ်ထိုးရင် စားရအောင် ကျွန်မဈေးထွက်ဝယ်ဖို့ အချိန်ရောက်ပြီမို့ ........ နောက်ကြုံပါအုံးမည်။

    ReplyDelete
    Replies
    1. ကွန်းမင့်ရှည်ရှည်အတွက် ကျေးဇူးအများကြီးတင်ရပါတယ်ဗျာ။ ကျနော့် identity ကို ဒီဘလော့မှာတော့ ဖျောက်ထားပါရစေ။ သိထားတဲ့ မိတ်ဆွေ ၄-၅ဦးလောက်တော့ ရှိမယ်တူရဲ့။ ကျနော့်ရဲ့ အိမ်သူတောင် သေချာ သိဟန်မတူပါ။ အထူးလျှို့ဝှက်ချင်လို့တော့ မဟုတ်ပါ။ အရင်ကတည်းက မထုတ်ဖော်ခဲ့တော့ ခုလည်း ဒီအတိုင်းပဲ ဆက်ရှိချင်လို့ပါ။ ကျနော့် ကို စာရေးနိုင်ပါတယ်။ အဲဒီတော့မှ နာမည်အရင်းပြောပြပါရစေခင်ဗျား။ နေတာကတော့ ဆန်ဖရန်မှာပါ။ မလိုအပ်ပဲ မရှိတဲ့ဈေး ကိုင်နေတယ်လို့တော့ မထင်စေလိုပါ။
      မမူယာရဲ့အမျိုးသားက ပဲပြုတ်ကို ဒီလောက်ကြိုက်နှစ်သက်တာကိုး..။ ပဲ ၂ ပေါင်ထုပ်ကို တပတ်တခါတောင် ပြုတ်ရတာ အတော် စားနိုင်ကြတာပဲ :)။ အားကျတယ်ဗျာ။ အိမ်မှာတော့ အဲဒီ ၂ ပေါင်ထုပ် တခါ ပြုတ်ရင် အအေးခန်းမှာ အခဲထားပြီး ၂ လလောက် စားဖြစ်တယ်။ စားချင်တာတော့ နေ့တိုင်းပါပဲ။ ဒါပေမဲ့ သိတဲ့အတိုင်း ဒီမှာက မနက်ဆို မြန်မာပြည်မှာလို အေးအေးဆေးဆေး မစားရတော့၊ တပတ်မှ တခါ၊ ၂ ပတ်မှ တခါ (တခါတလေဆို မေ့လောက်မှ တခါ) လောက် စားဖြစ်တာပါ။:(
      ပဲပင်ပေါက်တွေ အမုန်းဆွဲလိုက်ရတဲ့ တူ လင်မယားကတော့ ဟာသပဲဗျာ။ :D ။ ဒီကွန်းမင့်မှာတောင် တဦးက soybean နဲ့ yellow peas အတူတူလားလို့ မေးဖူးသေးတယ်။ မတူကြောင်းတော့ ဖြေပေးလိုက်ပေမဲ့၊ soybean က ပဲပင်ပေါက် လုပ်တဲ့ ပဲလို့ မပြောမိလိုက်ဘူး။ ကျနော့်နည်း (တကယ်ဆို မခင်မာချို ဆိုတဲ့ ကျနော့် မိတ်ဆွေတဦးက ပြောပြတာပါ။)နဲ့ မမူယာတို့ အပါဝင် တခြားစာဖတ်သူတွေ အဆင်ပြေကြတာ ကြားရလို့၊ ကြားရတိုင်းလည်း တကယ်ဝမ်းသာမိပါတယ်။
      ဗမာမုန့် အများကြီးတော့ မလုပ်တတ်ပါဘူး။ ဗမာမုန့်တွေထဲမှာ ကောက်လှိုင်းတီ၊ ထန်းသီးမုန့်၊ ဆလူမုန့်၊ ဗန်း(ဘိန်း)မုန့် နဲ့ မုန့်စိမ်းပေါင်းတွေ အရမ်းကြိုက်ခဲ့ပါတယ်။ မြန်မာပြည် ပြန်တိုင်းလည်း စားဖြစ်ပါတယ်။ တခုမှတော့ မလုပ်တတ်ပါ။ လုပ်တတ်ခဲ့ရင်လည်း အချိန်ကုန် လက် သိပ်ဝင်တာမို့ လုပ်စားဖြစ်မယ် မထင်ပါ။ ဆီထမင်းတောင် ကောင်းကောင်း ထိုးတတ်ခဲ့တာ၊ မထိုးဖြစ်တာ အတော်ကြာပြီ။ အိမ်သူကိုတောင် ကျနော်ကပဲ သင်ပေးခဲ့တာလေ (ကြွားထှာာ):)
      မင်္ဂလာရှိသော သင်္ကြန် နှစ်သစ်မှာ လိုအင်ဆန္ဒတွေ ပြည့်ဝပြီး ကျန်းမာကြပါစေဗျာ။ ကျနော်တို့ချစ်တဲ့ မြန်မာပြည်လည်း အမြန်ဆုံး ငြိမ်းချမ်း သာယာ ဝပြောတာကို (ကျနော်တို့ မသေခင်) မြင်နိုင်ကြရပါစေလို့ ဒီနှစ်သစ်မှာ ဆုတောင်းပါတယ်ဗျာ..။ :)

      Delete
    2. ကျနော့် လိပ်စာက sforgn@gmail.com ပါ။

      Delete
  33. seems like the blogger grew up in mon state.

    ReplyDelete
    Replies
    1. ကျနော့် စာ စကား အသုံးအနှုန်းက မွန်ဒေသက ဟန်ပန်တွေ ပါနေလို့လား။ မွန်ပြည်နယ်ကို ရက်ပိုင်း လည်ပတ်ဖူးတာကလွဲလို့ မနေခဲ့ဖူးပါ။ မှတ်ချက်အတွက် ကျေးဇူးတင်ပါတယ်။

      Delete
  34. ကျေးဇူး အထူးတင်တယ်လို့ ပြောပါရစေ.. ကျမ ဒီဘလော့လေးမှာပဲပြုတ်လုပ်နည်းဝင် ဖတ်ပီးလုပ်ကြည့်တာ ..တော်တော်ကိုအဆင်ပြေပီးအောင်မြင်ပါတယ်....။။

    သင်းသင်း..

    ReplyDelete
    Replies
    1. အဆင်ပြေ အောင်မြင်တယ်ဆိုလို့ ဝမ်းသာတယ်ဗျို့။

      Delete
  35. အစ်ကိုရေ pressure cooker နဲ့ ပြုတ်ရင် ဘယ်နှစ်မိနစ်လောက် ပြုတ်ရပါမလဲခင်ဗျ။ ပဲက ၄ ပေါင် ခင်ဗျ။ ကျေးဇူးတင်စွာဖြင့်...

    ReplyDelete
    Replies
    1. အသေအချာတော့ မသိဘူးခင်ဗျ။ ခန့်မှန်းပြောရရင်တော့ Pressure Cooker ရဲ့ ဖိအားကောင်း မကောင်းပေါ်မူတည်ပြီး မိနစ် ၂၀-၃၀ လောက်တော့ ပေါင်းရလိမ့်မယ်ထင်တယ်ဗျာ။ စာပြန်နောက်ကျတာ ဆောရီးပါ။

      Delete
  36. ပဲပြုတ်ပူပူလေးဆိုတော့စားလို့ကောင်းတာပေါ့...........

    ReplyDelete
    Replies
    1. ဟုတ်တယ်၊ အေးရင် မာပြီး ခြောက်သွေ့တတ်လို့ စားမကောင်းဘူး။

      Delete
  37. This article is very helpful but one suggestion I'd like to make is if you can post the pictures of tea spoon and soup spoon, that will be greatly helpful as well because when I was reading this I wasn't sure how big those spoons are and when I googled them, the images show diferent sizes of each type. so if you can share those spoons pictures, this recipe will be even more perfect..

    thanks,

    ReplyDelete
    Replies
    1.ှုI believe I did include the pic of the teaspoon in the fifth photo of the first batch of pics at this post. Please check it again my friend.

      Delete
  38. အစ်ကို ပဲကိုရေနွေးနဲ့စိမ်လို့လားမသိဘူးအညှောင့်သိပ်မထွက်တာ

    ReplyDelete
    Replies
    1. ဟုတ်ပါတယ်။ အောက်က အမည်မသိ မိတ်ဆွေ တစ်ဦးပြောသလိုပါဘဲ။ ရေအေးနဲ့ပဲ စိမ်ရမှာပါခင်ဗျာ။

      Delete
  39. ရေအေးနဲ့ပဲစိမ်လေ .. အညှောင့်က တရက်ခွဲလောက်ထားလိုက်ရင် ရပီ

    ReplyDelete
    Replies
    1. ခုလို ရှင်းပြပေးတာကို ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။ ဒီပဲပြုတ်နဲ့ ပတ်သက်ပြီး တခြား ထူးခြားကောင်းမွန်တဲ့ အတွေ့အကြုံတွေ တွေ့ရှိထားရင်လည်း မျှဝေပါဦးဗျာ။

      Delete
  40. dear summer field,
    thank you

    ReplyDelete
  41. ရေရေလည်လည် ကျေးဇူးလည်းတင်တယ်...
    ရေရေလည်လည် မိုက်တယ်... ဒီနည်းအတိုင်းလုပ်တာ..
    တအားအဆင်ပြေတယ်..
    တစ်ခုဘဲ ရှိတယ်..သူငယ်ချင်းအချို.က ပြောတယ်..
    မြန်မာပြည်က လာတဲ.ပဲ တွေကို ပြုတ်ရင် အခွံမကျွတ်ဘူးလို့လည်းပြောတယ်..
    ရေနည်းရင် အခွံမကျွတ်ဘူးလို့လည်း ပြောတယ်...Yellow peas ကို လုပ်တာတော. အခွံအမြဲကျွတ်တယ်..
    ရေနည်းလည်းကျွတ်..ရေ များလည်းကျွတ်တာဘဲ...တကယ်လို. မြန်မာပြည်က လာတဲ့ ပဲ တွေက အခွံမကျွတ်တာ သေချာရင်
    မြန်မာပြည်ကို မှာတော့မလားလို့... ဘာဘဲဖြစ်ဖြစ်ပါ... ဒီမှာ အတွေ့အကြုံ တစ်ခုကို လာရေးတာရယ်..
    နောက်ပြီး တအားကျေးဇူးတင်ပါတယ် ဆိုတာ အသိအမှတ်ပြု ပြောချင်တာပါ..
    အားလုံး ပဲပြုတ်စားပြီး ပျော်ကြပါစေ...

    ReplyDelete
    Replies
    1. ကျေးဇူးတင်ပါတယ် အမည်မသိ မှတ်ချက်ရေးသူရေ..။
      အခွံကတော့ နည်းနည်းပါးပါး ကျွတ်တာပါပဲဗျာ.. မပင်မပန်း အလွယ်တကူချက်ရလို့ တဗန်းသာတဲ့အတွက်.. ဒီလောက်နည်းနည်းကျွတ်တာတော့ လစ်လျူရှုစေချင်ပါတယ်..။ အလုပ်လဲ မရှုပ်လှဘူးလေ။ မြန်မာပြည်မှာလို ပေါင်းအိုးကြီးတွေနဲ့ လက်ဝင်အောင် မချက်ရပဲ နူးအိအိလေး စားရတာတော့ ကျေနပ်စရာပါလေ..။

      Delete
  42. This comment has been removed by the author.

    ReplyDelete
  43. This comment has been removed by the author.

    ReplyDelete
  44. This comment has been removed by the author.

    ReplyDelete
  45. အကိုနည်းအတိုင်းလုပ်တာအရမ်းအဆင်ပြေပါတယ်။ ညီမကမြန်မာပြည်ကလာတဲ့ စားတော်ပဲ(၂၅၀g)ကို ပြုတ်တာပါ။ အကိုပြောသလို (၂)ရက်အညှောင့်ဖောက်ပြီးတော့ Palm Sugar Syrup နဲ့ Bicarbonate Soda ထည့်ပြီး ထမင်းပေါင်းအိုးနဲ့ ရေနဲ့ပဲတန်းတူထည့်ပြီး ပြုတ်ပါတယ်။ မြန်မာပြည်ကလာတဲ့ပဲပေမဲ့ အခွံတော့ကျွတ်ပါတယ်။ တစ်ခေါက်တည်းနဲ့အောင်မြင်သွားလို့ ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။

    ReplyDelete
    Replies
    1. အဆင်ပြေတယ် သိရလို့ ဝမ်းသာပါတယ် ခင်ဗျာ...

      Delete
    2. Very glad to have your comment. Can't type Burmese fonts from my laptop anymore.Thank you.

      Delete

Post a Comment

Popular posts from this blog

ဘိုထိုင်အိမ်သာ ကျင့်ဝတ်များ

အလုပ်နဲ့ပတ်သက်တဲ့ ဌာနတခုရဲ့ ရေအိမ်သာထဲမှာ ချိတ်ထားတာလေး ဖတ်မိပြီး၊ သဘောကျလို့ ဝေမျှလိုက်ပါတယ်။ ဘိုထိုင်အိမ်သာတွေမှာ လိုက်နာကျင့်သုံးသင့်တဲ့ ကျင့်ဝတ်တွေပါ။ ဘိုထိုင်အိမ်သာနဲ့ ကျင့်သား မရှိသေးတဲ့သူတွေအတွက် ရည်ရွယ်သလို၊ ကျင့်သားရှိပြီးသူတွေလည်း လိုက်နာသင့်တဲ့အချက်တွေပါ။ ကဲ..နှာခေါင်းလေး ပိတ်ပြီး ဖတ်မယ်။ Bathroom Etiquette သန့်စင်ခန်း ကျင့်ဝတ်များ 1. After use with seat in ' down ' position: အိမ်သာအိုးအထိုင် (အပေါက်ဝိုင်း) ' အကျ(အထိုင်) ' အနေအထား၌ အသုံးပြုပြီးနောက်.. Lift seat and examine all areas of commode including the under side of the seat. အထိုင်ကိုမတင်လျက် အထိုင်အောက် မျက်နှာပြင်အပါအဝင် အိမ်သာအိုးနေရာအနှံ့ အညစ်အကြေး စွန်းထင်းခြင်း ရှိမရှိ စစ်ဆေးပါ။ Using special toilet cloth wipe (or brush), clean all residue from surfaces. အိမ်သာသုံးစက္ကူကို အသုံးပြုလျက် နေရာအနှံ့ရှိ အစွန်းအထင်းများကို သုတ်သင်ရှင်းလင်းပါ။ 2. After use with seat in ' up ' position: အိမ်သာအိုးအထိုင် (အပေါက်ဝိုင်း) ' အတင် ' အနေအထား၌ အသုံးပြုပြီးနောက်.. Examine

ဟိုတုန်းက မိသားစုထမင်းဝိုင်းလေးကို လွမ်းပါဘိတော့...

ဟိုတနေ့က မကြာခဏ ဆင့်ခေါ်ခံရလေ့ရှိတဲ့ တရားစီရင်ရေး တာဝန် (Jury Duty) ထမ်းဆောင်နေရင်း၊ အမှတ်မထင် ဖတ်လိုက်မိတဲ့ သတင်းဆောင်းပါးတို တပုဒ်ကြောင့် မြန်မာရုပ်ရှင်တွေထဲကလို နောက်ကြောင်းတွေ ပြန်တွေးမိပြီး ငယ်စဉ်က မိသားစုထမင်းဝိုင်းလေးကို ဝိုးတိုးဝါးတား ပြန်ရောက်သွားခဲ့ရတယ်.. အထူးသဖြင့် အဲ့ဒီထမင်းဝိုင်းက ငါးပိရည် တို့စရာတွေ လက်နဲ့ နယ်ဖတ်ပြီး အားပါးတရ စားလေ့ရှိတဲ့ မိခင်ကြီးကို အရမ်းသတိရမိတယ်။ ဒီတသက် ဘယ်တော့မှ ပြန်မရနိုင်တော့တဲ့ အဲ့ဒီထမင်းဝိုင်းလေးကို တန်ဘိုးထားရမှန်း အသိ၊ အလင်းဝင်မိတဲ့အချိန်ကတော့ အလွန်နှောင်းနေပါပြီ။ ဖတ်မိတဲ့ ဆောင်းပါးခေါင်းစဉ်က " Rediscovering the joys of shared meals in your household " တဲ့။ မြန်မာလို ဆီလျော်အောင် ဘာသာပြန်ရရင် " သင့်မိသားစုအတွင်း လက်ဆုံစားသောက်ခြင်းရဲ့ ပျော်ရွှင်မှုများကို ပြန်လည်တူးဆွခြင်း " ပေါ့။ အဲဒီဆောင်းပါးမှာ ခုလိုနိဒါန်းပျိုးထားပါတယ်။ ခုခေတ် အမေရိကမှာ မိသားစု စုံစုံညီညီ ဝိုင်းဖွဲ့စားသောက်ကြဖို့ဆိုတာ လွယ်ကူလှတဲ့ အခွင့်အရေး မဟုတ်တော့ပါဘူးတဲ့။ နေ့စဉ် ဇယ်စက်သလို များပြားလှတဲ့ အလုပ်ချိန်ဇယားနဲ့ ရှည်လျားတဲ့ အလုပ်ချိန်နာရီတွေအပြင် ခေတ်မီနည်းပညာ