တရားသိသလိုလိုနဲ့ တရားမရှိတဲ့ ကျနော်။ အသက်ထင်ရှား ရှိစဉ်တုန်းကတော့ ဒီလို စိတ်ကူးမျိုး အိပ်မက်ထဲမှာတောင် မမက်ခဲ့ဖူးဘူး။ အမေ့အပေါ် အခြားသူတွေနဲ့ ပတ်သက်ပြီး အစာမကျေတဲ့ စိတ်တွေက များ နေခဲ့လို့မို့၊ အမေ အသက်ရှည်ရှည် နေနိုင်ပါစေလို့ ဆုမတောင်းခဲ့ဖူးဘူး၊ ဆန္ဒမပြုခဲ့ဖူးဘူး။ ကိုယ့်အပြောအဆို အပြုအမူကြောင့် အမေ စိတ်ထိခိုက်သွားလေမလား မငဲ့ညှာခဲ့ဖူးဘူး။ လမ်းလျှောက်ရင် နှေးလွန်းလို့ စိတ်မရှည်ခဲ့ဘူး။ အမေပြောချင်တာတွေ ပြောခွင့် မပေးခဲ့ဘူး..၊ ပြောခဲ့ရင်လည်း စိတ်ရှည်ရှည်ထား နားထောင်မပေးခဲ့ဘူး။ စဉ်းစားရမိသလောက် အမေ့ဆန္ဒတွေ ဘာတခုမှ မယ်မယ်ရရ လိုက်လျောပေးခဲ့တာ မရှိခဲ့ဘူး။ ကိုယ့်ဆန္ဒတွေကိုသာ ရှေ့တန်းတင်ခဲ့တာချည်းပဲ။ ကိုယ့်ဆန္ဒတွေ အရာမထင်ခဲ့ရင်လည်း အမေ့အပေါ် ဒေါသတွေ ပုံတော့တာပဲ။ အသက်ကြီးလို့ အားကိုးရာ၊ ခိုကိုးရာ လျော့ပါးပြီး အားငယ်နေတဲ့ အမေ့ကို စာနာမှုတွေ၊ ကြင်နာမှုတွေ၊ သနားညှာတာမှုတွေ ပြရ ထားရကောင်းမှန်း မသိ။ မောဟတွေ ဖုံးလွှမ်းနေခဲ့လိုက်တာ။
ဒေါသ မောဟ အတ္တတွေနဲ့ ကျနော်။ တနေ့ ... ကျနော်လည်း အမေ့လိုပဲ စိတ်သွားလို့ ကိုယ်မပါနိုင်တဲ့အခါ.. တက်လူတွေက မဖေးမတဲ့အပြင် မြည်တွန်တောက်တီး ငြူစူလာတဲ့အခါ.. အဲ့ဒါတွေကို ဘယ်လိုရင်ဆိုင်မလဲ။ ဝဋ်ဆိုတာ လည်တတ်တယ်တဲ့။ အဲ့ဒီ လည်တတ်တယ်ဆိုတဲ့ ဝဋ်တွေကို၊ အမေ မရှိတဲ့နောက်မှ ရ ရှိလာတဲ့ နောင် တ တွေကပဲ မကြောက်မရွံ့ ရင်ဆိုင်နိုင်ဖို့ အသိတရားတွေအဖြစ် ပြောင်းလဲ တည်ရှိနေစေပြီလား.. ဘာပဲဖြစ်ဖြစ် အလှည့်ကျ မနွဲ့စတမ်းပေါ့။ ။
အမေဆုံးပါးစဉ်က ကျနော့်ကိုယ်စား အမေ့အတွက် ရည်စူးရေးဖွဲ့ပေးခဲ့တဲ့ ကဗျာနှစ်ပုဒ် စိတ်ခွန်အားလက်ဆောင်အဖြစ် ရခဲ့တယ်။ တစ်ပုဒ်က အရှင်ဦးဉာဏိက (ဉာဏ်ဦးမောင်)က စာနာရေးဖွဲ့ပေးခဲ့တာ..။ နောက်တစ်ပုဒ်က စာရေးဆရာ ထိန်လင်းက ခံစားရေးဖွဲ့ပေးခဲ့တာပါ။ အမေ ကွယ်လွန်တာ သုံးနှစ်မြောက် အမှတ်တရအဖြစ် သူတို့ရဲ့ ကဗျာတွေကို ကျေးဇူးတင်စွာ ပြန်လည်ကူးယူ ဖော်ပြလိုက်ပါတယ်။ ။
အမေရဲ့ ထာဝရ
နှလုံး အေးအေးလေးနဲ့
ပြုံးပြုံးလေး အမေ့ပုံရိပ်
ထာဝရ အိပ်စက်ခဲ့ပြီပေါ့။
တိတ်တိတ်လေး
ကျိတ်လွမ်းတဲ့အခါ လွမ်း
တမ်းတကြေကွဲ
ဝမ်းနည်းတဲ့အခါ ဝမ်းနည်း
လမ်းခွဲသွားတဲ့ အမေ့အတွက်
သတိရနေမယ့် ရက်တွေကတော့
ရေတွက်လို့ ဆုံးနိုင်မယ်
မဟုတ်ပါဘူး
အမေ။
သားအရွယ် မငယ်ပေမယ့်
အားငယ်ချိန် အမေ့နားမှာဆို
ချိုမိုင်မိုင် ဟိုး ... ဓလေ့ ငယ်စဉ်အလား
အရွယ်ဆိုတာ ခဏမေ့
ခေါင်းဝှေ့လို့ နေလိုဆဲပါ
အမေ။
တကယ်တော့ အမေ
အမေ့ရောဂါ အတန်ကျွမ်းခဲ့ပေမယ့်
လန်းနေဆဲ အမေ့အကြင်နာများရယ်က
နွမ်းတယ်ရယ် ဘယ်မရှိတာမို့
အမေ့ရဲ့
လွမ်းသစ်ပင် သံစဉ်လေးဟာလည်း
(သားရင်မှာ)
လန်းရှင်ကာ ထာဝစဉ်
ထင်ကျန်ရစ်တော့မှာပါ
အမေရယ်။ ။
မေလ ၂၀ ရက်၊ ည၊ ၂၀၀၇ သားသမီးများ ကိုယ်စား
ဉာဏ်ဦးမောင်
^^^^^
အမေ မသေပါ
ထိန်လင်း
စကားတွေ လင်္ကာဖွဲ့
ဋီကာချဲ့ အမေမဆို
နဂိုနေ မျက်နှာထားတွေက
ဖော်ပြခဲ့ အမေ့ရင်မှာ
ပန်းမာလာ ထုံပျံ့သင်း
ပန်းတစ်ခင်းတော့ ရှိမှာပါ။
အေဘီစီဒီ အမေမဆို
ကကြီး ခခွေးကို အဖော်ပြုရင်း
မြန်မာသီချင်း မြန်မာ့ဟန်
မြန်မာသံတွေနဲ့ ပျော်မွေ့
မမေ့နိုင်စရာ။
ဘဝတပါး၊ အမေသွားလည်း
အမေ့စကား ... ချစ်တရားတွေ
အမေ့ရုပ်ဝါ ... အေးမေတ္တာတွေ
အမေ့အသံ ...စမ်းကျသံတွေ
မိုးယံ ပဲ့တင် အသက်ဝင်လျက်
ကြည်လင်ချမ်းမြ အေးဆဲပင်။
အမေ လွန်သေ သွားလေပြီလား
ထိုတရားနဲ့ လက်ခံနှုတ်ဆက်
လွမ်းလက်ပြလည်း
ရင်မှ အမေ၊ တို့အမေက
ထာဝရ အမေ၊ တည်ရှိနေမည်
အမေ မသေ၊ ဘယ်မသေ
ဘယ်တော့မှ မသေပါ။ ။
၂၀၀၇ မေလ ၂၀ ရက် (တနင်္ဂနွေနေ့) မိခင် ဒေါ်ကျင်ရွှေ ကွယ်လွန်ခြင်းအတွက် ရေးဖွဲ့ပါသည်။
အမေ့ကို သတိရ နေတုန်း....ဖတ်လိုက်ရတော့...
ReplyDeleteတော်တော်ကို ကြေကွဲရပါတယ်။
ဒါပေမယ့်လဲ အမေ့အတွက် ဘာမှမစုဆောင်းနိုင်သေးတော့
အမေ့ဆီ မပြန်နိုင်သေးဘူး။
ကျွန်မလဲ...အမေ့အပေါ်မှာ ဘာတစ်ခုမှ မလုပ်ပေးနိုင်ခဲ့ဘူး။
အကို့စာဖတ်လိုက်ရတော့...အသိတရားတွေ ပိုရပါတယ်။
တခြားစာဖတ်သူတွေလဲ ကျွန်မလိုပဲ ခံစားရမယ်လို့ ယုံကြည်ပါတယ်ရှင်။
ကျေးဇူး ညီမငယ်ယမင်း။ အသက်ရှင်တုန်း အမေ စိတ်ချမ်းသာစရာ ဘာပဲဖြစ်ဖြစ် တစ်ခုခု လုပ်ပေးနိုင်ရင်၊ အထူးသဖြင့် လိုက်လျော နားလည်ပေးနိုင်ရင် သိပ်ကောင်းတာပေါ့။ အမေတွေ ရှိနေသေးတဲ့ ညီငယ်၊ ညီမငယ်၊ တူ တူမတွေကို၊ ကျနော့်လို အမေကွယ်လွန်ပြီးမှ နောင်တတွေ တပွေ့တပိုက်နဲ့ နေ့နေ့ညည မနေစေချင်တဲ့ စေတနာ တစ်ခုထဲကြောင့် ဒီ ဝန်ခံချက်ကို တကယ့် ခံစားမှုနဲ့ ရေးခဲ့မိတာပါ။
ReplyDeleteဒီစာဖတ်ပြီး အမေတွေကို နားလည်ပေးဖို့ သားသမီးတွေအပေါ် တစုံတရာ ထိရှမှုရှိနိုင်ခဲ့မယ်ဆိုရင်၊ ကျနော့်အမေ့ ရောက်ရာဘုံက ဝမ်းမြောက်နိုင်ပါစေ...
I am scared to loose my mom, my dad. I am now away from them, how can I take care of them, just sending money? Should I go back home so I can stay with parents but no money? If our country was good enough, we would not be here anyway.
ReplyDeletePlease write more posts, really a good author with good intention.
ReplyDeleteThae
Thae: Commentsတွေ အတွက် ကျေးဇူး အထူးပါ။ ဆက်ရေးဖို့ ကြိုးစားပါဦးမယ်။ မိဘတွေအပေါ် ထားရှိတဲ့ ခံစားချက်တခုကို ထိရှမှု ပေးလိုက်နိုင်တယ်ဆိုလို့ ဖွင့်ဟဝန်ခံရကျိုးနပ်တယ်ဆိုပြီး ကျေနပ်မိပါတယ်။ ကျနော်ကိုယ်တိုင်ကလည်း တချိန်က အမေ့ကို ပြန်လည် လုပ်ကျွေးသမှု ပြုနိုင်အောင်ဆိုတဲ့ အတွေးနဲ့ ပြည်ပရောက်နေခဲ့တာပါ။ တကယ် ကိုယ်က လုပ်ကျွေးသမှု ပြုခွင့်ရခဲ့တဲ့အခါမှာတော့ အမေ့အပေါ် "ကောင်းကောင်းဆိုးဆိုး" အလုံးစုံ နားလည်ခွင့်လွှတ်မှုတွေ မထားနိုင်ခဲ့ပါဘူးဗျာ။ အဲ့ဒါက တကယ့် သော့ချက်ပါပဲ။ ဒါကြောင့် မိဘတွေအပေါ် ဘယ်လို ဂရုပြု စောင့်ရှောက်ရမလဲဆိုတဲ့ Thae ရဲ့အမေးအတွက် အဲ့ဒီ သော့ချက်လေးတခု မိမိရရ ပိုင်ဆိုင်နိုင်အောင် ကြိုးစားထားပါ။ နောက် အရာရာ မမြဲတဲ့ သဘောကို နားလည်လက်ခံနိုင်အောင် မိမိစိတ်ကိုလေ့ကျင့် ပြုပြင်နေရင်း၊ အကောင်းဆုံးကို မျှော်လင့်ပြီး အသက်ရှင်နေသလို၊ အဆိုးဆုံးအတွက်လည်း ရင်ဆိုင်နိုင်အောင် ပြင်ဆင်ထားစေချင်ပါတယ်။ အခုလို မိဘနဲ့ ဝေးနေတဲ့အခါမှာတော့ ငွေ အလဟဿကုန်တယ်လို့ မသတ်မှတ်ပဲ တစ်လ တစ်ခါ နှစ်ခါလောက် ဖုန်းဆက် စကားပြောနိုင်အောင် ကြိုးစားပါ။ ပြောဖြစ်တိုင်းလည်း သူတို့တွေ ပြောချင်တာတွေကို ပြောခွင့်ရအောင် (မိမိ စိတ်နဲ့တိုက်ဆိုင်သည်ဖြစ်စေ မတိုက်ဆိုင်သည်ဖြစ်စေ) သည်းခံနားထောင်ပေးပါ။ ဒါဆို သူတို့ အနားမှာနေပြီး ကျေးဇူးဆပ်ခွင့်ရသလို
ReplyDeleteအတိုင်းအတာ တစုံတခုအထိတော့ စိတ်ကျေနပ်မှုရှိနိုင်မလားလို့ ထင်မိပါတယ်။ အေးလေ Thae ပြောသလို တို့တိုင်းပြည်ကြီး စည်ပင်ကောင်းစားနေလို့ကတော့ သားရွှေအိုးထမ်းပြီး မိသားစု ပျော်ရွှင်စွာ အသက်ထက်ဆုံးနေထိုင်သွားကြလေသတည်းပေါ့ဗျာ။ ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်...အမိမြေက ညှိုးငယ်နေတဲ့ နိုင်ငံသားတိုင်း အိပ်မက်တွေ အကောင်အထည် ဖော်နိုင်ကြပါစေ။