အိမ်ထောင်သည်တိုင်း ဆိုးလ်မိတ်ဖြစ်နိုင်ပါသလား...။ သေချာတာ တခုက ဆိုးလ်မိတ်တိုင်း အိမ်ထောင်သည်ဖြစ်လာကြတာတော့ မဟုတ်ဘူး။ soul mate ဖြစ်ဘို့ ဘာတွေ အရေးကြီးသလဲ ဘာတွေ လိုအပ်မလဲ...။ တိတိကျကျကြီးတော့ နားမလည်ထားဘူး.. ပညာရှင်လဲ မဟုတ်တော့ သူများတွေရဲ့ ထွက်ဆိုချက်တွေကို အလေးမထားချင်ဘူး..။ ကိုယ့်ခံယူချက် အတွေ့အကြုံတွေနဲ့ပဲ ချိန်ထိုးကြည့်ချင်ပါတယ်..။ soul mate ဆိုတာ ယောင်္ကျားနဲ့ မိန်းမပဲ ဖြစ်ရမယ်လို့တော့ လှေနံ ဓားထစ် ကိုယ် မယူဆဘူး။ ဒါဆို နယ်က သိပ်ကျဉ်းသွားပြီ။ ယောင်္ကျားသူငယ်ချင်း အချင်းချင်း၊ မိန်းမသူငယ်ချင်း အချင်းချင်းလဲ soul mates တွေဖြစ်နိုင်တာပဲလေ။ အသက်အရွယ် တူချင်တူမယ်.. ကွာချင်ကွာမယ်.. ကလေးနဲ့ လူကြီးလဲဖြစ်ချင် ဖြစ်နိုင်သေးတာပဲလို့ အတွေးပွားမိတယ်။ ကိုယ်လည်း ဘဝတခုလုံးရဲ့ တဝက်ခရီး ကျိုးလာတာတောင် soul mate တကယ် မရှိခဲ့ဖူးပါဘူး..။ နို့ မမျှော်လင့်ပဲ နေပါ့ မလား..။ အိမ်ထောင် မကျခင်တုန်းကလဲ အရမ်း မျှော်လင့်ခဲ့တာပေါ့..။ အိမ်ထောင်ကျပြီးတော့လဲ... ကာလ တခုထိ မျှော်လင့်ခဲ့တာပဲ..။ ၁၀ စုနှစ် တခု အပြီးမှာမှ မတ်တတ်ရပ်ရင်းကို မေ့ပစ်လိုက်ရတော့တာ..။ အခုတော့ soul mate လေး ရေးရေးမြင်လာ သိလာသလို ရှိလာလို့ ... ငယ်စဉ် အူနုစဉ် ကာလတခုက အတွေးလေးတွေ စားမြုံ့ပြန်မိတယ်..။ ဝက်သက်ပေါက်ကြည့်တာပေါ့။ ပိုက်ဆံပေးရတာမှ မဟုတ်တာလေ။ တိုက်တိုက်ဆိုင်ဆိုင် မနေ့ကပဲ အလုပ်မှာ မောင်နှမတွေလို အလွန်ရင်းနှီးပြီး၊ ကိုယ်နဲ့ ရွယ်တူလောက်ရှိတဲ့ အခြားနိုင်ငံသူ အိမ်ထောင်သည် အမျိုးသမီး နှစ်ဦးနဲ့ ငယ်စဉ်၂၀ ကျော်အရွယ်က အချစ်ရေးရာအကြောင်းတွေ ပွင့်ပွင့်လင်းလင်း ဖလှယ်ပြောဆိုကြရင်း ငယ်မူပြန်ဖြစ်ကြတယ်။ စိတ်တွေ ပြန်နုပျိုသလို ဖြစ်ခဲ့ရသေးတယ်..။ ကိုယ်ဘယ်လောက် စွံခဲ့ကြောင်းကိုလဲ အကြွား တဝက်ကျော်နဲ့ ပိုပိုသာသာလေး ပြောပြရလို့ စိတ်ရွှင် နေခဲ့သေးတာ..။ ကဲ ကိုယ်ရည်သွေးကြော်ငြာ ဝင်နေတာနဲ့ပဲ soul mate အကြောင်းနည်းနည်းလွဲနေပြီထင်တယ်..။
ကိုယ့်အတွက်တော့ soul mate ဆိုတာ စိတ်ချင်းဆက်စပ် နားလည်မှုက အဓိကပါပဲ။ အင်း ခက်တာက အဲဒီ နားလည်မှုဆိုတာ လူတိုင်း လွယ်လွယ်ပြောနေတတ်ကြတဲ့ အသုံးအနှုန်းမျိုး မဟုတ်လောက်ဘူး။ နားလည်ပါတယ်.. နားလည်ပေးပါတယ်.. ကိုယ်ချင်းစာပါတယ်ဆိုပြီး ထထ သတ်နေကြတာ မဟုတ်လား..။ တကယ့်ကို ခံစားနားလည်ပေးဘို့ကလည်း တော်ရုံ ပါရမီ အတွေ့အကြုံနဲ့ စိတ်အခံတွေနဲ့ အလွယ်တကူ မရှိနိုင်ပါဘူး။ နောက်တခုက အလိုက်သိရမယ်။ နေရာတိုင်း အလိုက်သိနေရမယ်လို့တော့ မဆိုလိုပါဘူး။ ချွင်းချက်တော့ရှိတာပေါ့။ အဲ အလိုက်သိရုံသိပြီး အလိုအလျောက် ဖြည့်ဆည်းပေးဘို့ကျပြန်တော့ မစွက်ဖက် မပတ်သက်ချင်၊ အတွင်းစိတ်သန္တာန်မှာ မခံယူထားပြန်ရင်လဲ အလကားပါပဲ...။ နောက် အပြန်အလှန် သည်းခံနိုင်ရမယ်။ တဖက်သတ် သည်းခံတာလဲ soul mate မဟုတ်ဘူးထင်တယ်။ တယောက်က အခုလုပ်ခိုင်းတာကို တော်ကြာမှဆိုပြီး အကြောင်းပြချက် မရှိပဲ၊ ရှိရင်လည်း မခိုင်လုံပဲ ရွှေ့ဆိုင်းလိုက်တာမျိုးလည်း မလုပ်သင့်ဘူးပေါ့။ အပြန်အလှန် လေးစား ချစ်ကြည်ညိုမှုလေး ပေါ့။ တယောက်က ခေါင်းကိုက်လို့ ငြီးလိုက်တာကို ဘာလုပ်ပေးရမလဲလို့ ကြင်ကြင်နာနာ မေးရမဲ့အစား၊ ဟုတ်တယ် ကိုယ်လည်း ကိုက်နေတယ်လို့ ထပ်ဆင့် ငြီးလိုက်တော့ ပွဲက ပြီးသွားရော..။ တခြားရှိဦးမယ်..။ ကိုယ်ကတော့ ကိုယ့်အတွေ့အကြုံအရပါ။ ကြုံတာများတော့ သတိထားမိလာတာပါ။ နောက်တခုက ဆိုးတိုင်ပင် ကောင်းတိုင်ပင် ရှိရမယ်။ လတ်တလောလေးက အတွေ့အကြုံတခုပါ... နှစ်ဦးသား တိုင်ပင် သဘောတူထားပြီးသား ကိစ္စတခုကို ဘာအကြောင်းပြချက် ကောင်းကောင်း၊ ခိုင်ခိုင်လုံလုံ မရှိ၊ တဦးကို လုံးဝအသိမပေးပဲ ကျန်တဦးက ကိုယ့်သဘောနဲ့ ကိုယ် ဆန့်ကျင်ဆောင်ရွက်လိုက်တာပါ။ အဲဒီ အသိပေး မခံရတဲ့ တဦးက ဆိုခဲ့တဲ့ ကိစ္စမှာ အတွေ့အကြုံများလို့ အကြံပေးထားတာအပြင်.. ဆန့်ကျင်ဆောင်ရွက်လို့ ရလိုက်တဲ့ ရလဒ်က မကောင်းခဲ့ဘူးဆို ဘယ်လောက် ခံပြင်းဖို့ကောင်းမလဲနော်..။ သေးငယ်တဲ့ ကိစ္စတွေမှာ အကြောင်း မဟုတ်ပေမဲ့ ကြီးမားတဲ့ ဘဝအရေး ငွေကြေးစီမံကိန်းတွေမှာဆို ဘယ်လောက်နစ်နာ မလဲ။ ဆိုလိုတာ နောက်တခုက ရှေ့နောက်ညီညွတ်မှု (consistency) ရှိရမယ်ပေါ့။
ရှိသေးတယ်။ Teamwork နဲ့ Good leader/ Good follower relationship တွေလဲ ရှိသင့်တယ်။ အဖွဲ့ဝင် နှစ်ဦးသာပါရှိတဲ့ စုစည်းညီညွတ်တဲ့ အသင်းအဖွဲ့လည်းဖြစ်ရမယ်။ လိုအပ်ရင် ရှေ့သွား နောက်လိုက်ကောင်းတွေဖြစ်ရမယ်။ ရှေ့သွားက ဦးဆောင်ကောင်းပေမဲ့ နောက်လိုက်က ကန့်လန့်ဖြတ်ပြီး တရွတ်တိုက်ကြီးလိုက်လာမယ်ဆို ဒီခရီး တွင်ချောပါ့မလား..။
နောက်တခုက တဦး စိတ်ဝင်စားတဲ့ နယ်ပယ် (ဥပမာ။ ။ လူမှုရေး၊ ဘာသာရေး၊ အပန်းဖြေရေး တခုခု) ကို ကျန်တဦးက စိတ်မဝင်စားတောင်၊ ကိုယ်နဲ့ လုံးဝ မပတ်သက် မသက်ဆိုင်သလိုမျိုးတော့ လစ်လျူ မရှုသင့်ဘူး။ အနည်းဆုံး တီးမိ ခေါက်မိတာလောက်တော့ ရှိသင့်တယ်လို့ ထင်တယ်။
ကိုယ်လဲလေ မီးစာဆီ မခန်းသေးခင်မှာတော့ ဆိုးလ်မိတ်လေး တဦးတော့ ရှိခဲ့ဖူးချင်တာပေါ့...။ ဒါကလဲ ဘုရားပေးမှပါ။ အတင်းဖန်တီးယူလို့ရတဲ့ အရာမှ မဟုတ်တာ...။ ဘုရားကပေးခဲ့ရင်လဲ ကိုယ့်ဘဝမှာ ဘုရားပေးတဲ့ အကောင်းဆုံးနဲ့ နောက်အကျဆုံး ဆု ဆိုပြီး သေပျော်တော့မှာပါ...။
( တူစုံဘဝ တခုကို ယနေ့ထိတိုင် အပြုံးမပျက် ရင်သွေးငယ် နှစ်ဦးနှင့်အတူ ကြံ့ကြံ့ခံ ရင်ဆိုင်နေကြသည့် မိတ်ဆွေ ကိုကျော်ကျော်လွင်နှင့် မဝင်းဝင်းသန်း ငယ်ချစ်ဆိုးလ်မိတ်နှစ်ဦးကို အားကျလျက် အထူးရည်ရွယ်ကြောင်း ဝန်ခံအပ်ပါ၏။ )
0 comments:
Post a Comment