Skip to main content

ဟိုတုန်းက မိသားစုထမင်းဝိုင်းလေးကို လွမ်းပါဘိတော့...

ဟိုတနေ့က မကြာခဏ ဆင့်ခေါ်ခံရလေ့ရှိတဲ့ တရားစီရင်ရေး တာဝန် (Jury Duty) ထမ်းဆောင်နေရင်း၊ အမှတ်မထင် ဖတ်လိုက်မိတဲ့ သတင်းဆောင်းပါးတို တပုဒ်ကြောင့် မြန်မာရုပ်ရှင်တွေထဲကလို နောက်ကြောင်းတွေ ပြန်တွေးမိပြီး ငယ်စဉ်က မိသားစုထမင်းဝိုင်းလေးကို ဝိုးတိုးဝါးတား ပြန်ရောက်သွားခဲ့ရတယ်.. အထူးသဖြင့် အဲ့ဒီထမင်းဝိုင်းက ငါးပိရည် တို့စရာတွေ လက်နဲ့ နယ်ဖတ်ပြီး အားပါးတရ စားလေ့ရှိတဲ့ မိခင်ကြီးကို အရမ်းသတိရမိတယ်။ ဒီတသက် ဘယ်တော့မှ ပြန်မရနိုင်တော့တဲ့ အဲ့ဒီထမင်းဝိုင်းလေးကို တန်ဘိုးထားရမှန်း အသိ၊ အလင်းဝင်မိတဲ့အချိန်ကတော့ အလွန်နှောင်းနေပါပြီ။

ဖတ်မိတဲ့ ဆောင်းပါးခေါင်းစဉ်က "Rediscovering the joys of shared meals in your household" တဲ့။ မြန်မာလို ဆီလျော်အောင် ဘာသာပြန်ရရင် "သင့်မိသားစုအတွင်း လက်ဆုံစားသောက်ခြင်းရဲ့ ပျော်ရွှင်မှုများကို ပြန်လည်တူးဆွခြင်း" ပေါ့။ အဲဒီဆောင်းပါးမှာ ခုလိုနိဒါန်းပျိုးထားပါတယ်။ ခုခေတ် အမေရိကမှာ မိသားစု စုံစုံညီညီ ဝိုင်းဖွဲ့စားသောက်ကြဖို့ဆိုတာ လွယ်ကူလှတဲ့ အခွင့်အရေး မဟုတ်တော့ပါဘူးတဲ့။ နေ့စဉ် ဇယ်စက်သလို များပြားလှတဲ့ အလုပ်ချိန်ဇယားနဲ့ ရှည်လျားတဲ့ အလုပ်ချိန်နာရီတွေအပြင် ခေတ်မီနည်းပညာတွေက အမေရိကန်နိုင်ငံသားတွေ စားပွဲမှာ အတူဝိုင်းဖွဲ့စားသောက်ဘို့ တခမ်းတနား အချိန်မယူနိုင်ကြတော့ဘူးတဲ့.. ဒါနဲ့ပဲ ရရာအစာကို အလျဉ်းသင့်သလို ရယူ စားသောက်ပြီး၊ လုပ်ကိုင်စရာရှိတာတွေကို ဆက်လက်လုပ်ကိုင်ရတာကမှ ပိုမိုလွယ်ကူ အဆင်ပြေတယ်လို့ အထင်ရှိ စေပါတော့တယ်တဲ့ဗျာ။

ဒါပေမဲ့ အမေရိကန်မိသားစု အများစုကတော့ ညစာစားပွဲဝိုင်းမှာ မိသားစု စုံစုံညီညီ ဝိုင်းဖွဲ့စားသောက်ရခြင်းကို အလွန်အမင်း တမ်းတကြပါတယ်။ Barilla က ကောက်တဲ့ စစ်တမ်းတခုအရ အမေရိကန်နိုင်ငံသား ၉၃% က ညစာစားချိန်ဟာ မိသားစုတစုအတွင်း ရင်းရင်းနှီးနှီး ထိတွေ့ဆက်ဆံရေးမှာ အကောင်းဆုံး အခွင့်အရေးလို့ အသိအမှတ်ပြုကြတယ်တဲ့။ မိသားစုဝင်တွေ ညစာအတူ မစားဖြစ်စေတဲ့ အဟန့်အတားတွေကတော့ အလုပ်ချိန်မတူတာ၊ ကလေးတွေရဲ့ ဗာဟီရကိစ္စတွေ အချိန်ကွဲပြားတာ၊ မိသားစုဝင်တချို့ အစားအသောက် ချေးများတာတွေကြောင့်လို့ဆိုပါတယ်။ ဒီအဟန့်အတားတွေကိုသာ ကျော်လွှားနိုင်မယ်ဆိုရင်၊ မိသားစုဝင်တိုင်းအတွက် ရေရှည်မှာ အကျိုးဖြစ်ထွန်းစေမှာပါတဲ့။ အဲ့ဒီစစ်တမ်းအရ မိသားစုဝင်တွေနဲ့အတူ ကြိမ်ဖန်များစွာ မကြာခဏ လက်ဆုံစားသောက်ဖြစ်ကြတဲ့ အမေရိကန်နိုင်ငံသား အများစုဟာ၊ ဘဝနေထိုင်ရေးရာ အဖက်ဖက်မှာ စိတ်ကျေနပ်မှုတွေ ပိုမိုရရှိကြတယ်.. လူမှုပေါင်းသင်းဆက်ဆံရေး၊ ကိုယ် စိတ်ကျန်းမာရေး၊ ဘဝ တိုးတက်အောင်မြင်ရေး အစရှိသည်တို့မှာ အခြားသူတွေထက် ပိုမြင့်မားကြတယ်တဲ့။

အထက်ပါ အချက်တွေအပြင်..

* လက်ဆုံစားသောက်ခြင်းဟာ မိသားစုလိုက် အပျော်ခရီးရှည်ထွက်ခြင်း၊ အတူ ကစားခုန်စားခြင်း နဲ့ ဘုရားကျောင်းကန် ဘာသာရေးအခန်းအနား အတူတက်ရောက်ခြင်း စတဲ့ အခြားလှုပ်ရှားမှုတွေထက်စာရင်၊ မိသားစုဝင်အချင်းချင်း ရင်းရင်းနှီးနှီး ထိတွေ့ဆက်ဆံရေးကို အထိရောက်ဆုံး အထောက်အကူဖြစ်စေတယ်လို့ ဆိုပါတယ်။

* မိသားစု ၁၀ စု အနက် ၆ စုက မိသားစုဝင် (သို့) မိတ်ဆွေသူငယ်ချင်းများနဲ့ အဆက်အသွယ်မပြတ် ထိတွေ့ဆက်ဆံလိုသော်လည်း၊ အဲ့ဒီလိုလုပ်ဖို့ရာ အခွင့်အလမ်းများစွာ မရရှိကြပါဘူးတဲ့။

* ပုံမှန် လက်ဆုံစားဖြစ်တဲ့ မိသားစုတွေထဲမှာလည်း အဝလွန်တဲ့ ကလေးတွေ အတော်နည်းတယ်လို့ ဆိုပါသေးတယ်။

"လက်ဆုံစားခြင်းဟာ အစားအသောက်ချည်း သက်သက်သုံးဆောင်ရုံမျှ မဟုတ်ပါဘူး.. အခုလို သွားသုတ်သုတ် လာသုတ်သုတ် ကမ္ဘာကြီးမှာ၊ မိသားစုဝင် အချင်းချင်း ရင်းရင်းနှီးနှီး ထိတွေ့ဆက်ဆံရေးအတွက် အဘိုးတန်လှတဲ့ အခွင့်အလမ်းကောင်း တခုပါ။" လို့ မီနီဆိုတာ တက္ကသိုလ် (University of Minnesota) ရဲ့ မိသားစုနဲ့ လူမှုသိပ္ပံဌာန (Department of Family and Social Science) ပါမောက္ခ နဲ့ မိသားစုရေးရာ ပညာရှင် တဦးဖြစ်သူ Dr. William Doherty က ဆိုပါတယ်။ "မိဘတွေက အချိန်ယူ ဦးဆောင်ပြီး ညစာ ပုံမှန်လက်ဆုံစားသောက်ဖြစ်တဲ့အခါ၊ သူတို့ရဲ့ကလေးတွေဟာလည်း ပိုမိုကျန်းမာပြီး၊ ဉာဏ်ရည်ထက်မြတ်ကာ၊ ပတ်ဝန်းကျင်နဲ့လည်း လိုက်လျောညီထွေစွာ ကြီးထွားဖွံ့ဖြိုးကြပါတယ်။" တဲ့။ ဆောင်းပါးက ဒါလောက်ပါဘဲ။

ဒါပေမယ့် ကျနော့်ကိုတော့ အတွေးတွေ၊ အဆွေးတွေ တပွေ့တပိုက်ကြီး ပေးခဲ့ပါတယ်။ အထူးသဖြင့် ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ အသက် ၇၉ နှစ်ပြည့်မှာဖြစ်ပြီး၊ မေလ ၂၀ ရက်နေ့မှာ ဘဝတပါးပြောင်းသွားတာ ၃ နှစ်တင်းတင်းပြည့်တော့မယ့် မိခင်ကြီးကို တမ်းတမ်းတတ သတိရမိလိုက်တယ်။ ဟိုး ငယ်စဉ်က ရန်ကုန် တရုတ်တန်း လမ်းဘေးပလက်ဖောင်းပေါ်မှာ၊ မော်လမြိုင် ဈေးထဲမှာမိခင်ကြီးနဲ့အတူ ဝိုင်းဖွဲ့ဆောင့်ကြောင့်ထိုင်ပြီး (လူပုံလည်မှာ ကြိုက်မရှက် ငတ်မရှက်) ဒူးရင်းသီး စားခဲ့တာ၊ ရွှေတိဂုံဘုရားကရခိုင်တန်ဆောင်းမှာ ဝါဝင်ဝါထွက် ဥပုသ်နေ့တွေမှာ ဥပုသ်စောင့်လေ့ရှိတဲ့ မိခင်ကြီး ရှိရာလိုက်သွားပြီး သူကိုယ်တိုင်ချက်တဲ့ ငါးခူ မျှစ် ချဉ်ပေါင်ဟင်းရည်နဲ့ ထမင်းလက်ဆုံ စားခဲ့ရတာတွေကိုလည်း မြင်ယောင်မိပါသေးတယ်။

ကွယ်.. ပြန်မရနိုင်တော့တဲ့ ဟိုတုန်းက မိသားစုထမင်းဝိုင်းလေးကို လွမ်းပါဘိတော့...

Comments

  1. ကြိုက်တယ်ဗျာ။ facebook ထဲမှာ လင့်ထားလိုက်ပြီ။ လာလည်အုံးမယ်။
ိကိုကျော်

    ReplyDelete

Post a Comment

Popular posts from this blog

ဟော့ဒီက ပဲပြုတ် နူးနူးအိအိကလေး...

ပြည်ပရောက် မြန်မာတွေထဲမယ် ပဲပြုတ် မကြိုက်တဲ့သူ အတော်နည်းမယ်လို့ ပြောရင်၊ သဘောတူမယ့်သူ အတော်များမယ်လို့ ထင်ပါတယ်။ ပဲပြုတ် နူးနူးအိအိကလေးကို ပဲဆီမွှေးမွှေးလေး ဆမ်း၊ ဆားကလေး ဖြူး၊ ထမင်းကြမ်းနဲ့ အဆာပြေ စားမလား.. နံပြားနဲ့ တီးမလား..။ ကောက်ညှင်းပေါင်းနဲ့ လွေးမလား.. မုန့်ဟင်းခါးနဲ့ ဝါးမလား..။ ဒါမှမဟုတ် ဆီပူပူထဲ ကြက်သွန်ဖြူ၊ နနွမ်းမှုန့်၊ ဆား၊ ထမင်းကြမ်းနဲ့ ပဲပြုတ်လေး ထည့်လှိမ့်ပြီး ထမင်းကြော်လုပ် ဆွဲမလား.. အလွယ်တကူ ဝယ်လို့ရတဲ့ ပေါင်မုန့် အဖြူထည်နဲ့ပဲ ပြီးစလွယ် ကြိတ်မလား.. ဘယ်လိုပဲစားစား ပဲပြုတ်ရဲ့ အိဆိမ့်တဲ့ အရသာက စွဲမက်စရာပါ။ မြန်မာပြည်မှာဆို ပဲပြုတ် နွေးနွေးအိအိလေးကို နေ့စဉ် မနက်စောစော လွယ်လွယ် ဝယ်စားလို့ရပေမဲ့၊ ပြည်ပမှာတော့ လွယ်လွယ် မရနိုင်ပါဘူး။ ဝယ်လို့ရခဲ့ရင်လည်း ကြာရှည်ခံအောင် ရေခဲသေတ္တာထဲ အခဲထား သိမ်းပြီး၊ စားခါနီးမှ နွှေးစားလေ့ရှိကြတာပါ။ ဒါကြောင့် အရသာက မြန်မာပြည်မှာလို ကွက်တိ မတူနိုင်ပါဘူး။ ကိုယ်တိုင် ပဲဖောက်ပြီး ပြုတ်မယ်ဆိုရင်တောင် ပြုတ်နည်း မမှန်ရင်၊ ပဲက မအိပဲ ဆတ်တောက်တောက်နဲ့မို့ စားလို့ စိတ်တိုင်းမကျ ဖြစ်ရပြန်ပါတယ်။ ကျနော်ကိုယ်တိုယ်လည်း ချက်နည်းပြုတ်နည်း စာအုပ်မျိုးစုံထဲက...

အမေရိကန်ပြည်ထောင်စုကို စားစရာတွေ သယ်လာမယ်ဆိုရင်

ဆောင်းပါးစုံ (မိုးမခ) အမေရိကန်ပြည်ထောင်စုကို စားစရာတွေ သယ်လာမယ်ဆိုရင် ချမ်းမြေ့အိမ် ပြည်ပရောက်နေကြတဲ့ မြန်မာတွေ ရွှေပြည်တော်က လာမယ့်ဆွေမျိုး၊ မိတ်ဆွေတွေကို လူကြုံမှာလေ့ရှိတာကတော့ အစားအစာပါပဲ။ ကြိုက်နှစ်သက်လို့ပဲ ဖြစ်ဖြစ်၊ အလွမ်းဖြေဖို့ပဲ ဖြစ်ဖြစ် မြန်မာပြည်က စာအုပ်၊ မဂ္ဂဇင်း၊ ဂျာနယ်တွေ၊ သီချင်း၊ ရုပ်ရှင်၊ ကာရာအိုကေ စီဒီဓာတ်ပြားတွေအပြင် ဆီးထုပ်၊ ချိုချဉ် လက်ဖက်စတဲ့ အစားအစာတွေကို လူကြုံနဲ့ ထည့်ပေးဖို့၊ စာတိုက်ကနေ ပို့ပေးဖို့ ရွှေပြည်တော်က ဆွေမျိုး၊ မိတ်ဆွေတွေကိုလည်း လှမ်းမှာတတ်ကြပါတယ်။ ဒါမှမဟုတ် မြန်မာပြည်ကို ကိုယ်တိုင် ပြန်လည်လည်ပတ်တဲ့အခါမှာလည်း စားစရာတွေ တနင့်တပိုး အပင်ပန်းခံ သယ်လာတတ်ကြပါတယ်။ အဲ.. အမေရိကလည်းရောက်ရော လေဆိပ်မှာ ဟိုစားစရာတွေ အသိမ်းခံရ၊ ဒီပစ္စည်းတွေ အလွင့်ပစ်ခံရနဲ့ အဲဒီအခါကျ သယ်လာပေးတဲ့သူရော၊ လူကြုံမှာတဲ့သူတွေပါ စိတ်မကောင်းဖြစ်ကြရတယ်။ တချို့စိတ်ထားမကြီးတဲ့သူတွေဆိုရင် အထင်လွဲကြ၊ အခင်အမင်တွေပါ ပျက်ကြတဲ့အထိ ဖြစ်ကြတယ်လို့ ကြားဖူးပါတယ်။ ဒီတော့ ဒီလူမှုရေးဒုက္ခတွေ မကြုံရအောင် ဒီဆောင်းပါလေး ဖတ်ပြီးမှ မြန်မာပြည်က အစားအစာတွေကို မှာပါ၊ ကိုယ်တိုင်လည်း စိတ်ချလက်ချ သယ်လာပါခင်ဗျာ...

ခရမ်းသီးနှပ် နဲ့ ကြက်ဟင်းခါးသီးကြော်ချက်

ဘာလိုလိုနဲ့ ဘလော့ဂ်နဲ့ အဆက်ပြတ်တာ တနှစ်တောင် ရှိတော့မယ်။ ဖုန်ခါပြီး အလွယ်တကူ အသက်ပြန်သွင်းရမယ်။ မနက်ဖြန်လာမယ့် ဧည့်သည်ကို ဧည့်ခံဖို့ ဒီနေ့ ကြိုတင်ချက်ဖြစ်တဲ့ ဆင်တူ ဟင်း နှစ်မျိုးကို ဓာတ်ပုံတွေ ဝေဝေဆာဆာတင်ပြီး ဆားချက်လိုက်မှာပေါ့။ အဲဒါကြောင့် တဘက်က ချက်ရင်း တဘက်က ကင်မရာတကားကားနဲ့ ဓာတ်ပုံတွေကို အချိန်နဲ့ တပြေးညီ ရိုက်ရပါတော့တယ်။ ပို့စ်တင်ဖို့ sign-in လုပ်တော့ ဘလော့က ဧပြီလမှာ အသွင်တမျိုးနဲ့ ဆန်းသစ်မယ်ဆိုပဲ။ upgrade လုပ်ပါဆိုလို့ နှိပ်ပစ်လိုက်တယ်.. ဘာပုံစံထွက်လာမလဲ မသိဘူး။ ဒီပို့စ်တင်ပြီးမှ ကြည့်ရဦးမယ်..။ မကြိုက်လဲ ဘာတတ်နိုင်မှာလဲ။ အလကားရတဲ့နွား သွားဖြဲကြည့်လို့ ရမလားဗျာ..   ကဲ.. ဟော့ဒီမှာ ကြက်ဟင်းခါးကြော်ချက် နဲ့ ခရမ်းသီးနှပ်...။ ပြင်ဆင် ချက်ပြုတ်တဲ့ အစီအစဉ်အလိုက် ပုံတွေကို အစဉ်လိုက် တင်လိုက်ပါတယ်။ ချက်စားမယ့် ခရမ်းသီး ၊ ကြက်ဟင်းခါးသီး နဲ့ ခရမ်းချဉ်သီး အ ရောင်စုံပေါ့။ ကြက်ဟင်းခါးသီး (၃ လုံး)ကို အမြှောင်းလိုက် ထက်ခြမ်းလှီး၊ အလယ်က အစေ့တွေခြစ်ထုတ်ပြီး ဒေါင်လိုက် စိပ်လိုက်ပါတယ်။ ခရမ်းသီး ( ၄ လုံး)ကို ၂ ပိုင်း ( သိပ်ရှည်နေရင်) ၃ ပိုင်းပိုင်းပြီး လေးစိပ်အမြှောင်...